လိင်ဆက်ဆံမှုတစ်ခုရဲ့ နောက်ဝယ်

တကယ်တော့ လိင်ဆက်ဆံမှု ဆိုတာ ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ လူသားတိုင်းမှာ ရှိတဲ့ တကယ့်အခြေခံလိုအပ်ချက်လို့တောင် ပြောထားတာပါ။ ဒါကြောင့် တားဆီးပိတ်ပင်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ဒီကိစ္စကနေ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာအောင်ပဲ လုပ်နိုင်ပါတယ်။

ဒါဆို နောက်ဆက်တွဲပြဿနာ ဘာတွေရှိနိုင်လဲ။ အဓိကအားဖြင့် (၂)ခုရှိနိုင်ပါတယ်။
၁။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါများနဲ့
၂။ ကိုယ်ဝန်ရခြင်း တို့ဖြစ်ပါတယ်။

ဒါတွေမဖြစ်အောင် ကာကွယ်တာကိုတော့ Dual protection (နှစ်မျိုးကာကွယ်ခြင်း) လို့ ခေါ်ပါတယ်။ အဲဒီလို ကာကွယ်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်း(၄)ခု ရှိပါတယ်။ ဘာလို့ ဒါတွေပြောနေရတာလဲဆိုရင် ကျွန်တော်တို့ဆရာဝန်တွေ ကိုယ်တိုင်တောင် တစ်ခါတစ်လေ လွတ်သွားတတ်တာလေး ရှိလို့ပါ။ ဘာလဲဆိုတော့ အိမ်ထောင်သည်တစ်ယောက်၊ လိင်ဆက်ဆံမှုရှိသူတစ်ယောက် ကိုယ့်ဆေးခန်းရောက်လာတယ်၊ သားဆက်ခြားနည်း လာသုံးတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေအကြောင်းမေးဖို့၊ စစ်ဆေးဖို့ မေ့သွားကြတယ်။ အဲဒီလိုပဲ၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါခံစားရလို့ ဆေးခန်းရောက်လာတယ်၊ အဖြူဆင်းလို့၊ အနာပေါက်လို့၊ လိင်အင်္ဂါကနေ အဖြူရည်တွေ ထွက်လို့ လာပြတယ်၊ သားဆက်ခြားပေးဖို့ လွတ်သွားတယ်၊ ဒါကိုပဲ ကုပေးမိလိုက်တယ်။ ဒါကြောင့်မို့ လိင်ဆက်ဆံမှုတစ်ခု ရှိလိုက်တိုင်းမှာ နောက်ဆက်တွဲအနေနဲ့ ရောဂါရယ်၊ ကိုယ်ဝန်ရယ် ရနိုင်တယ်ဆိုတာကို အမြဲသတိထားနေဖို့ လိုပါတယ်။

အဲဒီလို ကာကွယ်ဖို့ဆိုရင် ပြောခဲ့ပြီးသလို ရွေးလို့ရတဲ့ နည်းလမ်း(၄)ခု ရှိပါတယ်။

(၁) ကွန်ဒုံးအသုံးပြုခြင်း

ကွန်ဒုံးဆိုတာ အမျိုးသားနဲ့ အမျိုးသမီးရဲ့ လိင်အင်္ဂါတွေကို တိုက်ရိုက်ထိတွေ့မှုမရှိအောင် ကြားခံပေးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ တခြားသားဆက်ခြားနည်းတွေနဲ့ မတူတာက သူက ကိုယ်ဝန်မရအောင် တားပေးသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင်လည်း ကာကွယ်ပေးတယ်။ နောက်ထပ်အားသာချက်တွေက ဘေးထွက်ဆိုးကျိုးမရှိဘူး၊ မတည့်တဲ့သူဆိုတာ ရှားတယ်၊ ဟော်မုန်းကြောင့် ဖြစ်တဲ့ ပိန်တာ၊ ၀တာတွေ မရှိဘူး၊ တစ်လတစ်ခါလည်း ဓမ္မတာပေါ်တယ်။ ဒါပေမယ့် လိင်ဆက်ဆံတိုင်းမှာတော့ သုံးနေရမယ်၊ အများအယွင်း များတယ်၊ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်၊ အမျိုးသမီးသုံး ကွန်ဒုံးရှိပေမယ့် အမျိုးသားသုံးလောက် ၀ယ်ရမလွယ်ဘူး။ ကိုယ်ဝန်တားနိုင်စွမ်းအနေနဲ့လည်း တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်လိုက်ရင် နည်းတယ်။ ဒါကြောင့်မို့ ကိုယ်မသိကျွမ်းတဲ့သူနဲ့ ဆက်ဆံမှုပြုရင်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြည့်တန်ဆာနဲ့ တစ်ကြိမ်တစ်ခါ ဆက်ဆံတော့မယ်ဆိုရင် ဒီနည်းကို စနစ်တကျ အသုံးပြုလို့ရတယ်။ ဒါဆို ရောဂါမကူးစက်ဘူး၊ တစ်ဖက်က ဆက်ဆံဖော်မှာလည်း ကိုယ်ဝန်မရတော့ဘူး။

(၂) ကွန်ဒုံးနဲ့ သားဆက်ခြားနည်းတခုခု တွဲဖက်အသုံးပြုခြင်း

ပြောခဲ့ပြီးသလို၊ ကွန်ဒုံးက သားဆက်ခြားနည်းအနေနဲ့ သုံးမယ်ဆို ထိရောက်မှုနည်းတာမို့ ရေရှည်အသုံးပြုသွားဖို့ရာ အဆင်မပြေဘူး။ ဒါကြောင့် မကြာခဏ ဆက်ဆံမှုရှိမယ်၊ ဒါမှမဟုတ် နှစ်တွေအကြာကြီး ကိုယ်ဝန်တားထားမယ့်သူမျိုး ဆိုရင်တော့ ကွန်ဒုံးတစ်မျိုးတည်း သုံးတာထက် ကွန်ဒုံးအပြင် သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်တာ စသဖြင့် ပိုစိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတစ်ခုခုနဲ့ တွဲဖက်အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးက ရောဂါကာကွယ်ပေးမယ်၊ သောက်ဆေးတို့၊ ထိုးဆေးတို့က ကိုယ်ဝန်မရအောင် တားပေးပါလိမ့်မယ်။

(၃) သားဆက်ခြားနည်းတစ်ခုတည်း အသုံးပြုပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း

တကယ်လို့ အမျိုးသားနဲ့ အမျိုးသမီးအနေနဲ့ တစ်ယောက်ကိုတစ်ယောက် စိတ်ချယုံကြည်တယ်၊ သစ္စာရှိကြတယ် ဆိုရင်လည်း ကွန်ဒုံးမသုံးဘဲ သားဆက်ခြားနည်းတစ်ခုတည်း သုံးရုံနဲ့ ရနိုင်ပါတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့အတွက် ရောဂါတွေ ၀င်မလာတော့ဘူး။ သားဆက်ခြားနည်းက ကိုယ်ဝန်တားပေးလိမ့်မယ်။ ဒီနည်းအားဖြင့်လည်း ရောဂါရော ကိုယ်ဝန်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းအောင်မြင်ဖို့က နှစ်ဦးစလုံးမှာ တာဝန်ရှိတယ်။ နောက်ပြီး HIV လို ရောဂါမျိုးက လိင်ဆက်ဆံမှ ကူးစက်နိုင်တာ မဟုတ်ဘဲ သွေးကတစ်ဆင့်လည်း ကူးစက်နိုင်တာမို့ ဒါကိုလည်း သတိထားဖို့ လိုပါတယ်။ လိင်ကိစ္စမှာ စည်းစောင့်တယ်ဆိုတိုင်း ရာနှုန်းပြည့် မလုံလောက်ပါဘူး။

(၄) လိင်ကိစ္စ ရှောင်ကြဉ်ခြင်း

လိင်ဆက်ဆံမှုတစ်ခုကနေ နောက်ဆက်တွဲဖြစ်လာတာတွေ ဆိုတော့ လိင်ကိစ္စကို မလုပ်ဘူးဆိုရင် ရှင်းပါတယ်၊ စိတ်ပူစရာကို မလိုပါဘူး။ ဒီနည်းက ဘယ်သူတွေသုံးလို့ရလဲ ဆိုရင်တော့ လက်မထပ်ရသေးတဲ့ လူငယ်တွေ၊ အိမ်ထောင်ကျသွားတယ်၊ တစ်ယောက်က HIV ပိုးရှိနေတယ်၊ ဒီလိုအခြေအနေတွေမှာ သုံးလို့ရပါတယ်။ ပွေ့ဖက်တာ၊ နမ်းတာ စတဲ့ပုံစံတွေနဲ့ ချစ်သူတို့သဘာဝ ဆက်ဆံလို့ရသလို၊ ထိုးသွင်းဆက်ဆံခြင်းမပြုတဲ့ ပုံစံတွေနဲ့လည်း လိင်ဆန္ဒကို ဖြေဖျောက်လို့ရပါတယ်၊ ဒါကတော့ အထူးသဖြင့် အိမ်ထောင်သည်တွေမှာပေါ့။

လူငယ်တွေနဲ့ ပတ်သက်လို့ပြောရရင်တော့ Sexuality Education ရဲ့ အရေးပါမှုပါ။ ဒီလို လိင်မှုဆိုင်ရာ အသိပညာတွေ ပေးလိုက်ရင် ကလေးတွေတော့ အတတ်ကောင်းတွေ တတ်တော့မှာပဲ ဆိုပြီး လူကြီးတွေက စိတ်ပူတတ်ကြပါတယ်။ တကယ်တမ်း လေ့လာချက်တွေအရတော့ အဲဒီလို အသိပညာ ရထားတဲ့ လူငယ်တွေဟာ မရထားတဲ့ လူငယ်တွေထက်စာရင် လိင်ဆက်ဆံမှုစတင်တဲ့ အရွယ်က နောက်ကျလေ့ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့်မို့ အယူအဆအမှားတွေ ဆုပ်ကိုင်မထားဘဲ လူငယ်တွေကို အသိပညာပေးပါ။ ဒါဆိုရင် သူတို့ဟာ လိင်ဆက်ဆံမှုကို တော်တော်နဲ့ စမှာမဟုတ်ဘူး။ ဒါဆို မလိုလားအပ်တဲ့ ရောဂါပိုးတွေ ကူးစက်မှာ၊ မလိုချင်ဘဲ ကိုယ်ဝန်ရမှာတွေလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

ဒီဆောင်းပါးကို အနှစ်ပြန်ချုပ်ရရင်တော့ လိင်ဆက်ဆံမှုတစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့ အမြဲတမ်းပြဿနာနှစ်ခု လိုက်လာနိုင်ပါတယ်။ ဒါကို ကာကွယ်ခြင်းကို Dual protection လို့ခေါ်တယ်။ ရွေးလို့ရတဲ့ နည်းအနေနဲ့ (၄)မျိုးရှိပါတယ်။ ကိုယ့်အသက်အရွယ်၊ အိမ်ထောင်ရေးအခြေအနေ၊ မိသားစုစီမံကိန်း၊ ဆက်ဆံဖက်ရဲ့ အနေအထား စတာတွေပေါ် မူတည်ပြီးမှ ကိုယ်နဲ့ အသင့်တော်ဆုံးနည်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။

ဒေါက်တာဖြိုးသီဟ