ကလေးအစားအစာ ပြင်ဆင်သော်…

၆လကျော်လေးတွေရဲ့ မိဘအများစု ကြုံတွေ့နေကျကတော့ ဖြည့်စွက်စာ ပြင်ဆင်ရတာပါပဲ။ မိခင်နို့ တိုက်တဲ့ ကလေးတွေမှာဆိုရင် မိခင်နို့အပြင် အပိုအလုပ်တစ်ခုပေါ့။ ဒီလိုနဲ့ အလုပ်တစ်ဖက်နဲ့ ကလေးမိဘအများစုဟာ ဖြည့်စွက်စာကို ကြိုတင်ပြင်ဆင်ပြိး ကျွေးကာနီးမှ နွှေးတတ်ကြပါတယ်။ ဖြည့်စွက်စာကို နွှေးမယ်ဆိုရင် ဘာတွေလိုပါသလဲ?

၁။ နွှေးကျွေးမယ့် ဖြည့်စွက်စာကို သေသေချာချာ ကျက်အောင်ချက်ပြီးတာနဲ့ ချက်ချင်း အအေးခံပါ။
တကယ်လို့ မိမိအခု ချက်နေတဲ့ ဖြည့်စွက်စာကို တစ်ခါစာထက် ပိုလုပ်ထားပြိး နွှေးကျွေးဖို့ စဉ်းစားထားရင်တော့ ချက်ချင်း ရေခဲသေတ္တာထဲ ထည့်လိုက်ဖို့ လိုပါတယ်။ ရေခဲသေတ္တာရဲ့ ရေခဲတဲ့ အထပ်ကိုပါ။ အကြောင်းကတော့ ဘက်တီးရီးယားတွေဟာ အစာနွေးနေချိန် ၂၀ကနေ ၄၀ဒီဂရီအတွင်းမှာ ပိုမိုပေါက်ပွားကြပါတယ်။ ဒါကြောင့် ချက်ပြီး ပြန်နွှေးမယ် ရည်ရွယ်တယ်ဆို ချက်ချင်း အေးခဲထားဖို့ လိုပါတယ်။

၂။ ပြန်ကျွေးခါနီး နွှေးရင် ပူကျက်နေအောင် နွှေးပါ။
အများစုသော မိဘတွေဟာ ပြန်ကျွေးခါနီး ကလေးစားနိုင်မယ့် အပူချိန်ထိပဲ နွှေးတတ်ကြပါတယ်။ ဒါဟာ အန္တရာယ် များပါတယ်။ ပြန်ကျွေးကာနီး ပူကျက်နေအောင် မနွှေးရင် အစားအစာမှာ ကပ်နေနိုင်တဲ့ ဘက်တိးရီးယားတွေ မသေလို့ ကျွေးတဲ့အခါ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ပူက်ျနေအောင် ပြန်နွှေးပြိးမှ အအေးခံ ကျွေးပါ။

၃။ တစ်ကြိမ်နွှေးပြီးသား ကျွေးလက်စကို ပြန်သိမ်းပြီး နောက်တစ်ကြိမ် ကျွေးလို့ရလား?
ဒါဟာ လုံးဝ မလုပ်သင့်တဲ့ အရာပါ။ စားလက်စကို ပြန်သိမ်းပြီး နောက်တစ်ခါပြန်နွှေးကျွေးတာ အစာအဆိပ်သင့်နိုင်ပါတယ်။

၎။ ရေခဲရိုက်ထားတဲ့အစာကို ပြန်နွှေးလိုက်၊ မကျွေးပဲ ပိုလို့ ဖယ်ထားတာလေးကို ရေခဲပြန်ရိုက်ပြီး ပြန်ကျွေးလိုက် လုပ်လို့ ရပါသလား?
အဖြေက ရပါတယ်။ ဥပမာ – ရေခဲမုန့်လိုဟာမျိုးပေါ့။ ၂ခါ ၃ခါလောက်ထိတော့ အဲဒီလို ကျွေးလို့ ရတာပေါ့။
ဒါပေမယ့် ရေခဲခဲထားတာ မိခင်နို့ ဆိုရင်တော့ တစ်ခါပဲ ခဲပါ။ အကြိမ်ကြိမ်ခဲရင် ကလေး ဝမ်းပျက်တတ်ပါတယ်။

၅။ ခေတ်မီမီ မိုက်ခရိုဝေ့ဗ် သုံးသူ မေမေတွေ သတိပြုစရာ…
မိုက်ခရိုဝေ့ဗ် နဲ့ ကလေးဖြည့်စွက်စာ နွှေးချင်ပါတယ်ဆိုတဲ့ မေမေတွေအတွက် သတိပြုစရာလေးတွေပါ။ မိုက်ခရိုဝေ့ဗ် သုံးတာရလားဆို ရပါတယ်။ ဒါလေးတွေတော့ သတိပြုပါ။
– ထည့်နွှေးမယ့် ခွက်ကလေးက မိုက်ခရိုဝေ့ဗ် ခံနိုင်တဲ့ခွက် ဖြစ်ပါစေ။ မိုက်ခရိုဝေ့ဗ် အတွက် ထုတ်ထားတာမဟုတ်တဲ့ ပလတ်စတစ်ခွက်တွေဟာ ကလေးကို ဆိုးကျိုးပေးမယ့် ဓာတ်ပစ္စည်းတွေ ထုတ်တတ်ပါတယ်။
– ခွက်ကလေးမှာ အဖုံးပါပါစေ။
– အလူမီနီယမ် အလွှာလေးတွေ အုပ်ထားရင် ဖယ်ပြိးမှ ကင်ပါ။
– အပူချိန်ကို အငွေ့ထောင်းထောင်းထတဲ့ထိ ထားပါ။
– မိုက်ခရိုဝေ့ဗ်သုံးပြီး ရေခဲရိုက် ဖျော်ထားတဲ့ အစားအစာတွေကို ချက်ချင်းချက်ရပါမယ်။

ဒါကတော့ ကလေးစားဖွယ် နွှေးနည်းလေးတွေ ဖြစ်ပါတယ်။ ကလေး စားဖွယ်လုပ်စက်လေးတွေအကြောင်း နောက်မှ ထပ်ပြောပြမယ်နော်။

ကလေးတို့ ကျန်းမာထက်မြက် ဉာဏ်ရည်တက်ပါစေ။

ဒေါက်တာယမင်း(ဆေး ၁)