အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၆)

ကျွန်မ အမျိုးသား တစ်ခုခု မေးချင်နေပုံရသည်
ကျွန်မ သဘောတူသည်ဟု မျက်ရိပ်ပြလိုက်ပါသည်

ဆရာ
နောက်ကလေး ယူရင်ရော ဖြစ်နိုင်ချေလေး…

ဟယ်
သူ ဒီအထိ စဉ်းစားနေတာပါလား
ရုံးခန်းမှာ တစ်ပတ်သွားနေတုန်း သူလည်းတော်တော် အတွေးရောက်ခဲ့တာပဲ

အဲဒီလိုတော့ အတိအကျ မရှိဘူးဗျ
အော်တစ်ဇင် မွေးဖူးတဲ့ မိသားစုကတော့ သတိထားရမှာပေါ့
ဒါပေမယ့် မျိုးရိုးလိုက်တယ်လည်း ဆိုလို့မရသလို မလိုက်ဘူးလည်း ပြောလို့မရတဲ့ ရောဂါပါ

အို
အတွေးရ ကျပ်လိုက်တာ
ဒုက္ခ

ယောကျားလေးမှာက မိန်းကလေးထက် ၃-၄ဆ ပိုဖြစ်နိုင်ခြေ ရှိတာပေါ့
အမွှာဆိုလည်း ပိုဖြစ်တယ်တယ်
ကိုယ့်အမျိုးထဲမှာ အော်တစ်ဇင် အရင်ကဖြစ်ဖူးတာ မရှိဘူးဆိုရင်ရယ်၊အမွှာမျိုးရိုး မရှိဘူးဆိုရင်တော့ ဖြစ်နိုင်ချေ သူများထက် နည်းနည်းလျော့တာပေါ့

ကျွန်မကလေးက သက်တမ်းစေ့ နေရပါ့မလားဟင်

ဒီတစ်ခါ ကြောင်ငေးနေရသူကတော့ ကျွန်မအမျိုးသားပါ

နေရပါတယ်ဗျ
နေရပါတယ်
အော်တစ်ဇင်ရှိလို့ သက်တမ်းတိုတာမျိုးတော့ မရှိပါဘူး
တစ်ခုပဲ
အခြေအမြစ်မရှိပဲ လုပ်ခိုင်းတဲ့ ကုထုံးတွေ၊ ပယောဂဆရာတွေတော့ မပြပါနဲ့
ကလေးကို ညှင်းပန်းနှိပ်စက်ကြတာနဲ့ ကလေး သက်ဆိုးမရှည် ဖြစ်တတ်လို့ပါ

သြော်
ဟုတ်ကဲ့ပါ ဆရာ

နောက်တော့ ကျွန်တော် အကြံပေးချင်တာက မိဘတွေအတွက်ပါ

ဟုတ်ကဲ့

၂ယောက်စလုံးက သမီးလေးအတွက် ပူပန်နေတဲ့ မိဘကောင်းတွေလို့ မြင်မိလို့ စိတ်မကောင်းပါဘူး
မိဘတွေလည်း စိတ်ကို ကြံ့ခိုင်အောင် ထားပါ
ဒါက ရေရှည်တိုက်ရမယ့် စစ်ပွဲပါ
နေမကောင်းမဖြစ်ပါစေနဲ့
မကောင်းတဲ့ အတွေးတွေ မတွေးပါနဲ့
သူများဘာပြောမလဲ ဂရုမစိုက်ပါနဲ့
လူဆိုတာ ကိုယ့်အကြောင်းမဟုတ်ရင် ၇ရက်ပြည့်အောင် ဂရုမစိုက်နိုင်ပါဘူးဗျနော်
ပြီးတော့ လူဆိုတာ ကိုယ့်မှာ မကြုံဖူးပဲ ကိုယ်ချင်းစာတဲ့သူရှားတယ်၊ ကဲ့ရဲ့ချင်သူပဲ များတယ်လေ

ဒါနဲ့ ဘာဘာသာ ကိုးကွယ်လဲ

ဗုဒ္ဓဘာသာ ပါပဲ

တရားဟောတယ် မထင်ပါနဲ့ဗျာ
အချိန်မအားလည်း ညဘက် ၂ယောက်စလုံး တရားထိုင်ပါ
အလှူကြီး ပေးခိုင်းတာ မဟုတ်ပေမယ့် နေ့စဉ် စိတ်ကြည်နူးချမ်းသာစေမယ့် အလှူလေးတွေ လုပ်ပါ
ဥပမာ- စံပါယ်ပန်းသည်မလေးဆီက ပန်းဝယ်လိုက်တာမျိုး
အဘွားအိုရောင်းတဲ့ အကြော် အားပေးလိုက်တာမျိုး
ပြီးတော့ ချစ်ခင်ရသူတွေကို ပြုံးပြပါ၊ ဒါလည်း အလှူပဲဗျ
လမ်းသွားလမ်းလာ ရေအိုးစင် ထားပေးတာတို့
သီလရှင် အသေးလေးတွေကို မုန့်ထုပ်သေးသေးလေးတွေ လောင်းတာတို့
ပြောချင်တာက နေ့စဉ်ဘဝမှာ ရသမျှ စိတ်ကြည်နူးမှု ယူပါ
လင်မယားနှစ်ယောက် ပြုံးပြကြပါ၊ အားပေးပါ
အိမ်မှာ ပီယဝါစာ ကောင်းသောစကားပဲ ပြောကြပါ
ဘုရားသွားပါ၊ ပန်းခြံသွားပါ
မိသားစုတွေ ခရီးသွားလို့လည်း ရပါတယ်

ဒါဆို ခင်ဗျားတို့ နေ့စဉ်ဘဝမှာနေရထိုင်ရတာ နေသာထိုင်သာ ရှိလာပါလိမ့်မယ်
မမေ့ပါနဲ့
ခင်ဗျားတို့က ပိုအရေးကြီးတယ်
ခင်ဗျားတို့ ပြိုလဲသွားရင် ကလေးကို ဘယ်သူကြည့်မှာလဲ
ကျွန်တော် ပြောတာတွေထဲမှာ နောက်ဆုံးအခုပြောတာတွေက ကြားကောင်းအောင်ပြောတယ် ထင်ကောင်းထင်မယ်
ဒါတွေပဲ ခင်ဗျားတို့ကို ပျော်ရွှင်စေမှာဆိုတာ ကျွန်တော် အာမခံပါတယ်

ဟုတ်ကဲ့ပါဆရာ
ကျွန်မတို့ နားလည်ပါတယ်

ကျေးဇူး အများကြီးတင်ပါတယ် ဆရာ
ဒါဆို ခွင့်ပြုပါဦး

ဒီလိုနဲ့ ကျွန်မတို့ ဆရာမှာတဲ့အတိုင်း ကလေးကို ချီကာပိုးကာ ရင်အုပ်မကွာ ပြုစုကြပါတယ်
ကျွန်မတို့ လင်မယားတောင် သူလေးကြောင့် ပိုအဆင်ပြေလာသလိုပါပဲ
နေ့ဆို ဘွားအေ ဘိုးအေတွေ လက်မှာနေ
ညဆို ကျွန်မတို့ကြည့်

ဘဝက မပင်ပန်းဘူးလားဆိုတော့ ပင်ပန်းပါတယ်
ဒါပေမယ့် လက်ခံလိုက်ကြပြိလေ
လက်မခံခဲ့တုန်းက ၂လခွဲဟာ ငရဲဆိုရင် အခုတော့ ငရဲခန်းက လွတ်မြောက်ခြင်းပါပဲ
ယောကျားနဲ့အတူ မရွှေရည်ဝင်းပေးတဲ့ လိပ်စာအတိုင်း
အင်းစိန်၊ ဖော့ကန်က ဧဒင် မသန်စွမ်းကလေးငယ်ရိပ်မြုံ တို့
မရမ်းကုန်းက Montessori Children’s houseတို့
သင်္ဃန်းကျွန်းက လုမ္ဗနီတို့ သွားခဲ့ကြပါတယ်

နောက်ဆုံး အိမ်နားနီးတဲ့ ဧဒင်မှာပဲ ထားဖြစ်တယ်
ခုဆို ၃နှစ်
မူကြိုကလေးတစ်ယောက်လိုပါပဲ
နေ့တိုင်း သင်တန်းပို့ခဲ့တယ်
ပြန်လာရင် သူ့ကို ဝိုင်းကြည့်ကြတယ်
သူက သိတောင်မသိပေမယ့် ကျန်တဲ့လူ ၅ယောက်က သူ့ကိုပြုစုရင်း ပျော်နေကြပြီလေ

သူနဲ့အတူ မိသားစုတွေ ဘုရားသွားတယ်၊
ပန်းခြံသွားတယ်
ခရီးတိုလေးတွေ သွားတယ်
သူ့ကို အိမ်မှာ နားတဲ့ရက်ဆို သီချင်းဆို ဝိုင်းသင်ကြတယ်
လက်ခုပ်တီးသင်တယ်
ရတတ်သမျှ အကုန်အကုန်ပေါ့

ကံကောင်းစွာနဲ့ ကျွန်မသမီးလေးဟာ အတက်ရောဂါ မပါလာသလို တခြားအော်တစ်ဇင်လောက်လည်း အဆိုးစားကြီး မဟုတ်ပါဘူး

ဒီ ၂နှစ်အတွင်း ပြုခဲ့တဲ့ ကုသိုလ်တွေ အကျိုးများလားပေါ့
သူက အခု
သူ့ဟာသူ ကြယ်သီးတယ်တယ်
ဖိနပ်ဝတ်တယ်
အရုပ်တွေ သိမ်းဆို သိမ်းတယ်
မျက်လုံးချင်း မဆုံပေမယ့် မေးသမျှ အင်း၊ ဟင့်အင်းတော့ ဖြေပါတယ်
အနည်းဆုံးပေါ့
တစ်ခါတစ်လေလည်း သူ့ကိုသင်ပေးတဲ့ ကလေးသီချင်းကို ထထအော်မယ်
ဒါပေမယ့် ဒါလေးကိုပဲ ကျွန်မတို့ ကျေနပ်ပါတယ်
အမျိုးသားဆို အလုပ်ကပြန်ရောက်တာနဲ့ သမီးဘယ်မှာလဲ ဆိုတာချည်းပဲ

တစ်ခုတော့ ရှိတာပေါ့
လမ်းမပေါ် ပြေးပြေးထွက်တတ်တာတော့ ထိန်းရတယ်
တစ်ခါလည်း လမ်းမပေါ် ပြေးထွက်တာ ကံကောင်းလို့ ကား မတိုက်တယ်
ဒါမျိုးတွေတော့ ဂရုစိုက်ရပါတယ်

ရပ်ကွက်ထဲက လူတွေကလည်း သူ့ဆို ချစ်လာပါပြီ

ဒါပေါ့
လောကဓမ္မတာအရ လူတိုင်းနဲ့တော့ အဆင်မပြေဘူးပေါ့လေ
တစ်ခါက…