အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၄)

မရွှေရည်ဝင်းအိမ်မှ ပြန်လာခဲ့သည်
သြော်
ကိုယ့်လိုမိခင်တစ်ယောက် မြင်ရတော့လည်း စိတ်ထဲ ငါတစ်ယောက်တည်း ကံကွက်ကျားလို့ ကံဆိုးမသွားရာ မိုးလိုက်ရွာနေတာမှ
မဟုတ်တာလေလို့ ဖြေတွေးနိုင်လိုက်တယ်
အင်းးး
တခြားမိခင်တွေတောင် ရင်ဆိုင်နေသေးတာပဲ
ငါလည်း ရင်ဆိုင်မယ်

အိမ်ရောက်တော့ မမျှော်လင့်ပဲ သူပြန်ရောက်နေသည်
ကျွန်မအမျိုးသားလေ

ကို

သြော်
မေ တောင်ပြန်ရောက်ပြီကိုး
ဘယ်သွားတာလဲ

သူ့ကို ကျွန်မ ပြောရခက်နေသည်

ကို သိပါတယ်
အော်တစ်ဇင်အသင်း သွားတယ်ဆို

အော်တစ်ဇင်အသင်းတော့ မဟုတ်ပါဘူး
အဲဒီက ဆက်သွယ်ပေးတဲ့ အော်တစ်ဇင်မိခင်တစ်ယောက်ပါ
သူ စိတ်ဝင်စားသွားပုံရသည်

ဟုတ်လား
ဟိုက ဘာပြောလိုက်လဲ
သူ့ကလေးကရော ဘယ်လိုဖြစ်တာတဲ့လဲ

အားတက်သရော မေးနေသော သူ့ကို ပြန်ဖြေရန်ပင် အားမရှိ
သူလည်း ကိုယ့်လို အော်တစ်ဇင်မဟုတ်လောက်ပါဘူးဆိုတဲ့ အဖြေများ မျှော်လင့်နေလေရော့သလား

အဲဒီအမမှာလည်း အော်တစ်ဇင်သားလေး ရှိတယ် ကိုရယ်
သူက
သူက…
ကျွန်မပြောရင်း ငိုချင်လာပြီ
သူ့ရှေ့၌ မငိုမိအောင် ထိန်းထားရသည်မှာ ပင်ပန်းလှသည်
ဒါပေမယ့် မငိုရဲ
နောက်ဆုံးတစ်ခေါက် ခွန်းတုံ့ပြောရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြရာက ရုံးမှာပဲအိပ်ပြီး အိမ်ပြန်မလာတာပဲ တစ်ပတ်
အခုက ရှစ်ရက်မြောက်

သူက ဘာပြောလိုက်သလဲ
ပြောပါ မေရယ့်

သူ့ကြည့်ရတာ သိပ်စိတ်ညစ်နေပုံ မပေါ်တော့

သူကပြောတယ်
ဒီရောဂါက ဒီလိုပဲတဲ့
လက်ဆုပ်လက်ကိုင် ပြစရာမရှိဘူးတဲ့
ကံအတိုင်းပဲမို့ လက်ခံလိုက်မှ သက်သာမယ်တဲ့
ကျွန်မ ထိန်းထားသည့်ကြားက ရှိုက်သံတစ်ချက် ပါသွားမိသည်

သူ ကျွန်မအနား ရောက်လာပြီး ကျွန်မပခုံးကိုကိုင်ကာ
လက်ခံသင့်ရင်လည်း လက်ခံပြီး တူတူရင်ဆိုင်ကြရုံပေါ့ မေရယ်

အို
ကျွန်မ မျက်ရည်တို့ တားမနိုင် ဆီးမရ ပြိုကျလာပါပြီ
သူကလည်း ကျွန်မကို နှစ်သိမ့်ပါသည်

ကိုလည်း မှားသွားပါတယ်
မေတစ်ယောက်တည်း ဘယ်လောက်ပင်ပန်းလိုက်မလဲ
ကို တစ်ကိုယ်ကောင်းဆန်သွားမိတယ်
မေ့အပြစ်လည်း မဟုတ်ဘဲ မေ့တစ်ယောက်တည်း ထားခဲ့မိတယ်
ကို့ကို ခွင့်လွှတ်ပါ

အမှန်ပါပဲ
သူနဲ့လည်း စကားများ
ကလေးကလည်း ကောင်းစရာမရှိဘူးဆိုတဲ့ သတင်းတွေပဲကြား
အဆင်ပြေလိုပြေငြား ဟိုနေရာပြေး သည်နေရာပြေး
ရုံးကလည်း ခွင့်မရ
မိဘ နှင့် အဒေါ်ကိုလည်း မပြောရက်
ကျွန်မမှာ တစ်ယောက်တည်း တော်တော်ဒုက္ခရောက်သည်

ဒီလိုပါပဲလား
ကိုယ်ချင်းစာမိသည်
အော်တစ်ဇင်မိသားစုတိုင်း ဒီလို ဒုက္ခတွေ ကြုံကြရတာပါလား
အရင်က သည်လို ကလေးလေးတွေမြင်ရင် သူတို့ကိုချစ်တဲ့ မိသားစုကို အထင်ကြီးမိပါသည်
သို့သော် သာမန်မျှသာ
အခု ကိုယ် နဖူးတွေ့ဒူးတွေ့ ကြုံလာတော့မှ ဒီလို ချို့ယွင်းချက်ရှိတဲ့ ကလေးတွေကို တစ်ယောက်တစ်လက်ထိန်းရင်း တွဲလက်တွေ မြဲကြတဲ့ မိသားစုတွေကို အတိုင်းမသိ ချီးကျူးမိတော့သည်
တော်ရုံစိတ်ဓာတ်ခွန်အား၊ တော်ရုံ အကောင်းမြင်နိုင်စွမ်းနဲ့တော့ ဒီအခက်အခဲကို အပြုံးနဲ့ ရင်ဆိုင်နိုင်ဖို့မလွယ်
ကျွန်မရော သူတို့လို လုပ်နိုင်ပါ့မလား

မေ
ကိုတို့ နောက်နေ့ ဆရာ့နဲ့လည်း ပြန်သွားတွေ့မယ်လေ
ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
ဘာတွေ ပြင်ဆင်ထားဖို့လိုသလဲ သွားမေးကြတာပေါ့
နက်ဖြန် ရုံးပိတ်တယ်မလား

အင်း
ပိတ်တော့ ပိတ်ပါတယ်
ဒါပေမယ့်…

စာရင်းတွေ မပြီးသေးဘူးလား
ကိုယ် ဝိုင်းလုပ်ပေးမယ် နော်
ဘာမှ စိတ်မပူနဲ့
မေရယ် တစ်ပတ်ထဲနဲ့ မျက်နှာတော်တော် ချောင်သွားတယ်
ဘယ်လောက်များ ငိုထားတာလဲ

မငိုပါဘူး

ကျွန်မ အတတ်နိုင်ဆုံး လိမ်ထားပါသည်
ညစဉ် ငိုရသည် ဆိုပါက သူရော စိတ်ကောင်းပါမည်လားလေ

ကဲ ကဲ
ဒါဖြင့် ညနေစာစားမယ်၊ အလုပ်ပြိးအောင်လုပ်မယ်
စောစောနားမယ်
နက်ဖြန် ဆရာ့နဲ့ သွားတွေ့ရအောင်လား

အင်းး

သို့နှင့်

ဆရာ

သြော် လာပါ
အဆင်ပြေကြရဲ့လား

ပြေပါတယ် ဆရာ
ကလေးအကြောင်း မေးချင်လို့ ဆရာ့ဆီ လာခဲ့ကြတာပါ

ဟုတ်ကဲ့
ပြောပါဗျ

ဆရာရယ်
ကျွန်တော် အော်တစ်ဇင်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် နားလည်ချင်တယ်

ဟုတ်ပါတယ် ဆရာရယ်
ကျွန်မတို့ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဆရာ

အင်း
အရင်ဦးဆုံး သိထားရမှာကတော့ သူ့ရဲ့ ရောဂါလက္ခဏာတွေပါပဲ

အော်တစ်ဇင်လေးတွေဟာ

*လူမှုဆက်ဆံရေး ချို့ယွင်းတတ်ပါတယ်
– စကားတော့ ပြောတတ်မယ်၊ ဒါပေမယ့် လက်ဟန်ခြေဟန်ပြတာတွေ၊ မျက်စမျက်နပြတာတွေ သူမသိနိုင်ဘူး
မျက်လုံးချင်း ဆုံဖို့လည်း ခက်ပါတယ်
-သူငယ်ချင်းတွေ ဘာတွေလည်း မဖွဲ့တတ်ဘူးဗျ၊ ကစားဖော်မရကြတာ များတယ်
-သူတစ်ပါးရဲ့ ခံစားချက်တွေကို မျှဝေပြိး မခံစားတတ်တာလည် ပါတာပေါ့လေ
– သူတစ်ပါး သူ့ကို ငြိုငြင်တာလား၊ ကြည်ဖြူတာလား စတဲ့ စိတ်ခံစားချက်တွေ နားမလည်တတ်ပါဘူး

နောက်
*ပြောဆိုဆက်ဆံရာမှာလည်း
– စကားပြော နောက်ကျတတ်တယ်
– အခြားသူနဲ့ စကားလက်ဆုံ ပြောလို့အဆင်မပြေတတ်ဘူး
– တစ်ခါတစ်လေ တစ်ခွန်းတည်းကိုပဲ ထပ်ကာထပ်ကာ ပြောနေတတ်တယ်

ကျွန်မနားထဲ ကြားရတာ ရင်အောင့်လှသည်
ကလေးက တော်တော်လေး လူဝင်မဆံ့ဖြစ်တော့မယ် ထင်ပါရဲ့

ဆရာက ကျွန်မ အခြေအနေ ကြည့်သဖြင့် ပြုံးပြလိုက်ရသည်
မချိပြုံး ဖြစ်နေမှာပါပဲလေ

နောက်တော့
* ကလေးက သူစိတ်ဝင်စားတာဆို တစ်ခုတည်းကို ထပ်ကာထပ်ကာ လုပ်နေလိမ့်မယ်
– သူသုံးနေကျ ပစ္စည်းတွေဆိုလည်း ပြောင်းပေးရ သိပ်ခက်တယ်
– ဘာမှ မက်မောစရာမဟုတ်တဲ့ စက္ကူစလေးကအစ သူစွဲလန်းချင် စွဲလန်းနေပြန်ရော
– သိပ် ငြိမ်ငြိမ် မနေတတ်ဘူး၊ တစ်ခါတစ်လေလည်း ငြိမ်ကုပ်နေတတ်တယ်
– အန္တရာယ်တွေ ဘာတွေ နားမလည်တော့ တစ်ယောက်တည်း လွှတ်ထားလို့ မရဘူးဗျ
– အရာဝတ္ထုတွေကို လှည့်နေ၊ လှိမ့်နေတတ်တယ်
– မရရင် သူ့ကိုယ်သူ ချာချာလည် လှည့်မယ်

အဲဒီလို လက္ခဏာလေးတွေ ပြတတ်ပါတယ်

ဘုရား ဘုရား
ကျွန်မ ရင်ဘတ်ကို ဖိမိသည်