အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၃)

အမရယ်
လက်ဆုပ်လက်ကိုင် ပြစရာလည်း ဘာမှမရှိပဲ သမီးလေးက အော်တစ်ဇင်လို့ လက်ခံလိုက်ရတော့မှာလားဟင်

ဒီလိုပဲ ညီမလေးရယ်
အမတုန်းကလည်း ဒီလိုပဲ ခံစားခဲ့ရတယ်
သွေးစစ်လို့လည်း မရ၊
ဓာတ်မှန်တွေ ရိုက်စစ်လို့လည်း မရ
ဘာနဲ့မှ လက်ဆုပ်လက်ကိုင်ပြလို့ မရတာပါ
ဒါပေမယ့် ကလေးက ပြုမူလာတာတွေက ဆရာတွေပြောသလို ဒက်ထိဖြစ်နေတော့လည်း အမလည်း လက်ခံလိုက်ရတာပါ

သူမ ငိုင်ကျသွားသည်
ကျွန်မ နားလည်ပါသည်၊ သူမ လိုချင်တာ ဒီလိုအဖြေမျိုး မဟုတ်ပါ
အရာရာဟာ လိမ်ညာနေတာပါ
အရာရာဟာ အိပ်မက်တွေပါ
သိပ်မကြာခင် ကောင်းသွားမှာပါ
ဒါမျိုးစကားတွေပဲ ကြားချင်မှာပေါ့လေ
အင်းးး
ကိုယ်နိုင်သလောက် နှစ်သိမ့်ပေးမှပါလေ
ဒါတွေက ကုသိုလ်တွေမလား

သူ့နားတိုးထိုင်ရင်း
ညီမလေးရယ်
သိသိချင်းတော့ ဒီလိုပါပဲ
ဘယ်လက်ခံချင်ပါ့မလဲ
အမ နားလည်ပါတယ်
အရမ်းတုန်လှုပ်ပြီး ကြေကွဲဝမ်းနည်းရမှာပေါ့
အကြိမ်ကြိမ် ငြင်းဆန်မိမှာပေါ့ ညီမလေးရယ်

သူမ ငိုနေပါပြီ
ကျွန်မ ဖက်ထားပေးလိုက်ပါသည်
သူမက ငိုရင်း
အမရယ်
ကျွန်မတော့ သေသာသေလိုက်ချင်တော့တာပါ
အမျိုးသားကလည်း လက်မခံနိုင်ဘူး
သူ့ကြောင့်လား ကိုယ့်ကြောင့်လားဆိုတော့လည်း မဟုတ်
ဘယ်သူ့အပြစ်မှလည်း မဟုတ်တော့ ဘယ်သူ့ပေါက်ကွဲရမယ်မှန်းလည်း မသိ
အခု ၂လလောက်ကြာလာပြီဆိုတော့ စိတ်ဓာတ်ကျလာတယ် အမရယ်
အမျိုးသားဆို အိမ်တောင် မပြန်လာဘူး
အလုပ်မှာပဲ အိပ်တာ
သမီးလေးမြင်ရင် ဝမ်းနည်းလို့တဲ့
အမရယ်
ကယ်နိုင်ရင် ကယ်ပါဦး
အိမ်မှာလည်း ညီမမှာ မငိုရ၊ လူကြားထဲမှာလည်း ကံတရားပဲ ပုံချမိနေပေမယ့် ရင်ထဲမချိဘူး အမရယ်
ဘာကြောင့်များ သမီးလေးမှာမှ ဒီလိုဖြစ်ရတာလဲ

ကံဆိုးတယ်ပဲ ဆိုပါရစေတော့ ငါ့ညီမရယ်
ကလေး အယောက် ၁၀၀မွေးမှ တစ်ယောက်လောက်ဖြစ်တာ
ကိုယ့်မှာမှ လာဖြစ်နေရတယ်ဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့
နည်းနည်း လက္ခဏာမပြင်းထန်တဲ့ အမျိုးအစား ဖြစ်ပါစေလို့ပဲ ဆုတောင်းကြတာပေါ့ ညီမရယ်

အမရယ်
ဘာမှ လုပ်လို့ မရတော့ဘူးလား

ရတယ် ညီမလေး
သူ့ဘဝလေး တိုးတက်အောင်
ဒီတိုင်း ရပ်မသွားအောင် လုပ်လို့ရတာ အများကြီး
အမတို့လည်း ရှိတယ်လေ
ဒီလိုအခြေအနေနဲ့ တွေ့ကြတဲ့သူတွေဟာ တစ်သက်လုံးတွေ့ဖြစ်ကြတော့မှာ
မပူပါနဲ့ ညီမလေးရယ်
ညီမလေးဘေးမှာ အမတို့ အမြဲရှိမယ်လေ

ညီမလေးရယ်
သူ့ကို တိုးတက်လာအောင် ပြုပြင်ပေးလို့ရပါတယ်
ကုထုံးတွေလည်း အများကြီးရှိတယ်
ညီမလေး ကလေးက ဘယ်လိုအဆင့်လောက်ရှိလဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ကြတာပေါ့
ပြီးရင် သင့်တော်တဲ့ ကုထုံးတွေ လုပ်ပေးကြတာပေါ့ ညီမလေးရယ်
စိတ်တော့ရှည်ရမယ်
အမတို့ ဆရာတွေဆီသွားရင် ပြောပေးနေကျ စကားတစ်ခွန်းရှိတယ်
အိုင်းစတိုင်းရဲ့ စကားတဲ့
သူကပြောတယ်
ငါးကို သစ်ပင်တက်ခိုင်းပြီး အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ အကဲဖြတ်မယ်ဆိုရင် အကဲဖြတ်တဲ့သူရဲ့ အမှားပဲတဲ့
ကလေးတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိပါတယ် ညီမလေးရယ်
အရမ်း ဝမ်းမနည်းပါနဲ့
တစ်ခုပဲ
အရမ်းကြီးလည်း မျှော်လင့်မထားနဲ့
သူရနိုင်သလောက် ကိုယ်လုပ်ပေးမယ်ပေါ့

ဟုတ် အမရယ်
သမီးလေး လူတန်းစေ့ ဖြစ်နိုင်ပါသေးတယ်နော်
လေကျင့်ပေးလို့ ရနိုင်ပါသေးတယ်နော်
ညီမ သူ့ကို လူတောထဲ ခေါ်သွားချင်တယ်
အိမ်ထဲပိတ်ထားရင် ကလေး သနားဖို့ကောင်းတယ် ထင်လို့

ဒါပေါ့ ညီမလေးရယ်
ကလေးက သူဖြစ်ချင်လို့ ဖြစ်ရတာမှ မဟုတ်ပဲ
ပိတ်ထားလိုက်တော့မှ ကလေးက ပိုပို ရိုင်းသွားလိမ့်မယ်

ကျောင်းထားလို့ကော ရလားဟင်အမ
ဆရာကတော့ ထားလို့ပြောတယ်

ရပါတယ်
ဒါပေမယ့် ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာ
လူတန်းစေ့တော့ မဖြစ်နိုင်ဘူးပေါ့ ညီမလေးရယ်
ဒါလေးတော့ စိတ်ထဲပြင်ဆင်ပြီး လက်ခံထားရမယ်နော်

ဟုတ်ကဲ့ပါ အမရယ်

သူမ သိပ်တော့ စိတ်ကျေနပ်မှု မရနိုင်သေးတာ သိပါတယ်
ဒါပေမယ့် စိတ်လေးတော့ အတော်ပြေသွားပုံပါပဲ

နောက်ဆို အမျိုးသားကိုလည်း ခေါ်ပြီး ကလေးနဲ့အတူ လာခဲ့ပါ
အတူတူ လေ့ကျင့်ရေးနေရာတွေ သွားပါ
သည်လိုနဲ့ သူလည်း ကျင့်သားရလာမှာပါလေ

ဟုတ်ကဲ့ပါ အမ

သူမ အိမ်ပြန်သွားတာကြည့်ပြီး မေတ္တာပို့မိပါတယ်
အရာရာ အဆင်ပြေပါစေ
အကောင်းဆုံးဖြစ်ပါစေ ညီမလေးရယ်