အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၁)

ကျွန်မသားလေးက အော်တစ်ဇင်လေ

အော်တစ်ဇင် ဟုပြောလိုက်လျှင်ပင် ပညာတတ်အသိုင်းအဝိုင်းတစ်ချို့က သနားသော ကရုဏာမျက်ဝန်းများ ပေါ်လာတတ်သည်
တစ်ချို့ ပညာနည်း လူကုံထံ အသိုင်းအဝိုင်းများက ကဲ့ရဲ့ရှုံ့မဲ့ ချင်ကြသည်
အများစုကတော့ ဘာမှန်းမသိလို့ ကြောင်တောင်တောင်ကြည့်နေကြတာ များပါသည်

အော်တစ်ဇင်
သည်စကားလုံးကို ကြားကာစက ကျွန်မ မထိတ်သာမလန့်သာ ဖြစ်ခဲ့ရသည်
သားလေးမှာမှ ဘာရယ်ကြောင့်
ကျွန်မ မတွေးချင်တော့ပါ

မသိခင်ကတော့ ကလေးကို သူလိုငါလို ထင်ခဲ့သည်
သားလေးမွေးလာတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ရှင်ပြုပေးချင်သည်ပေါ့
ခုတော့
အင်းးး
သားက သိပ်အဆိုးစားအော်တစ်ဇင် ဖြစ်မနေအောင်ပဲ ကြိတ်ဆုတောင်းမိတယ်
ဆရာကတော့ပြောသား
ကလေးက အခြေအနေကောင်းရင် သာမန်လူနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်ပါသေးတယ်တဲ့လေ

ဒီအရာအားလုံးရဲ့ အစကို မသိခဲ့ပဲ ၃နှစ်လောက်နေမှ သိခွင့်ရတဲ့ ကျွန်မကိုယ်ကျွန်မသာ ရိုက်နှက်ပစ်ချင်မိတော့တယ်
သားလေးကို မလိမ္မာဘူးထင်ပြီး ရိုက်နှက်မိတာတွေ
သူ အော်ဟစ်တဲ့အခါ ကြောက်လွန်းလို့ နာနာဘာဝ ကပ်သလားဆိုပြီး ထင်ခဲ့မိတာတွေ၊ ဖွားအေက ခေါစာပစ်ခဲ့တာတွေ
နောက်တော့လည်း ရောဂါသဘာဝ ငြိမ်သွားတော့ စိတ်အေးရသည်ပေါ့

အင်းးး
ရောဂါသဘာဝတဲ့လား
လောကမှာ ထူးဆန်းအံ့သြဖွယ် အမျိုးမျိုးအပြားပြား ရှိတယ်ဆိုတာ သူကလေးကပဲ သင်ပေးတာရယ်လေ
အရင်က အိမ်တွင်းမှုလုပ် ချက်ပြုတ်ဆေးကြောတဲ့ မီးဖိုချောင်ထဲကနေ အမေကို လူ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်သွားတာလည်း သူပါပဲ
ခုလည်း ကားလေးကို ပက်လက်ကစားနေရှာရဲ့

သည်လို ဆန်းဆန်းပြားပြား အပြုအမူတွေကြောင့် တစ်ချိန်က မေမေတို့ သားကို လူလယ်ကောင်ထုတ်ပြဖို့ ရှက်ရွံ့ဖူးကြသေးရဲ့လေ
မင်းဖေဖေနဲ့ဆို မကွဲတာကံကောင်း

မင်း ငါ့သားကို တစ်ဆိတ်ရှိ ရိုက်နေတော့ ကလေးဒီလိုဖြစ်ပြိပေါ့ ဆိုပြီး
ခုတော့လည်း သားက ညီမလေးတောင်ရလို့ ညီမလေးပဲ မူကြိုရောက်ပြီ

အင်းးး
ဒါတွေအားလုံးရဲ့ အစကိုကြည့်ရင်တော့ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်ကပေါ့

ကလေးက အိမ်မှာတည်းက မူမမှန်တာ ကျွန်မလည်း သတိတော့ ထားမိသား
သူများကလေး စကားပြောလည်း မပြောသေး
ခေါ်လည်း မထူး
မျက်လုံးချင်းလည်း ဆုံမကြည့်
မြူရတာလည်း ခက်လိုက်တာ
အရယ်အပြုံးကလည်း နည်းတယ်
မိဘမောင်ဖွားတွေကတော့
ဒါ သူတကာထက် နောက်ကျတာနေမှာပါ
စိတ်မဆင်းရဲပါနဲ့ ပြောနေကျ
ကိုယ်လည်း ဒီလိုပဲ ယုံကြည်ပြီး ဒင်းကိုက ပေတာပါလို့ ပြန်ပြန်ဖြေနေကျ

နောက် တစ်နှစ်ကျော်လောက် ဖြစ်လာရော
ကလေးက သူများကစားသလို လိုက်မကစား
သူ့ဘာသာ ခွေလှိမ့်ချင်လှိမ့်၊ လက်လှည့်ဂျင်လေး လှည့်လှည့်နေတတ်တော့လည်း
သြော်
ငါ့သားလေး ငြိမ်နေသားဆို ကိုယ်ကမသိခဲ့
အမှန်က အော်တစ်ဇင်လက္ခဏာတစ်ခုမှာ ကလေးက
လူသူလေးပါး မရောတတ်တာ
လည်နေတဲ့ ကစားစရာလေးတွေ ကြိုက်တတ်တာ
ကိုယ့်ကိုယ်ကို ချာလပတ်လှည့်နေတတ်တာတွေ ပါသတဲ့လေ

ဟော
ပြောရင်းဆိုရင်း အိမ်ရှေ့ခန်းမှာ ချာချာလည် လှည့်နေပါပကောလား
ခုတော့လည်း ဒါလေးတွေပါ ချစ်တတ်ခဲ့ပါပြီ
အမေ့ကို မေတ္တာအစစ် ဘယ်လောက်ကြီးတယ်ဆိုတာ သင်ပေးခဲ့တာ သားပါပဲကွယ်