ပါးစပ်ထဲမှာ အနာမပေါက်ဖူးသာ ရှိပါသလား? မရှိဘူးလို့ ထင်ပါတယ်နော်။ ဒါဆို ဘာလို့ အနာပေါက်တာလဲ။ ရိုးရာအယူတော့ အပူများလို့ပေါ့။ ဒါပေမယ့် ဘာတွေ ဖြစ်နိုင်သေးသလဲ??

၁။ ဗီတာမင် B12၊ သံဓာတ်နဲ့ ဖောလိတ် ချို့တဲ့သူများ
ဗီတာမင် B12၊ သံဓာတ်နဲ့ ဖောလိတ် ချို့တဲ့သူတွေမှာ ချွဲမြှေးလေးတွေ အားနည်းလို့ အနာဖြစ်တတ်ပါတယ်။ လျှာမှာပါ ဖြစ်တတ်ပါတယ်။

၂။ ရာသီမမှန်ဘူးလား
ရာသီ မမှန်သူတွေ၊ တားဆေး သုံးသူတွေနဲ့ အခြား ဟော်မုန်း ကမောက်ကမဖြစ်ခြင်းတွေကြောင့်လည်း ပါးစပ်အနာတွေ ပေါက်တတ်ပါတယ်။

၃။ ရေယုံလား?
ရေယုံကြောင့် အနာတွေ နှုတ်ခမ်းပတ်လည် ပေါက်တတ်ပေမယ့် ပါးစပ်ထဲ ပေါက်တာတော့ ရှားပါတယ်နော်

၎။ Auto-immunity
Auto-immunity ဆိုတဲ့ မိမိဘာသာ ခုခံမှုစနစ် ပေါ်နေတဲ့ အချို့ရောဂါတွေမှာလည်း ဒီလို အချွဲမြှေးရှိဲ့ နေရာတိုင်း၊ အထူးသဖြင့် ပါးစပ်က စလို့ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မိမိမှာပါးစပ်အနာသာမကပဲ ဗိုက်အောင့်တာ၊ ဝမ်းပျက်တာတွေပါ ပါနေပြီး ခဏခဏ ဖြစ်နေရင် အပူများလို့ပါဆိုပြိး မပေါ့သင့်ပါဘူး

၅။ ခုခံအားကျဆင်းမှုများ
ဘာရောဂါပဲ ဖြစ်ဖြစ် ခုခံအားကျဆင်းနေချိန်တွေမှာလည်း ပါးစပ်မှာ အနာလေးတွေ ပေါက်တတ်ပါတယ်။

ဒါဆို ဘာလုပ်သင့်သလဲ?

၁။ အချဉ် အစပ် ခဏရှောင်
ပါးစပ် အနာပေါ်နေတဲ့သူက ပြောမှာပေါ့။ နာရတဲ့အထဲ အချဉ်အစပ်က စားနိုင်မှာလားလို့။ ပြဿနာက ပျောက်ကာနီးအခြေအနေပါ။ ပျောက်ကာနီးမှ ခဏခဏ ပြန်ပြန်စားလို့ မပျောက်ပဲ ကြာရင် ဘာရောဂါများလဲလို့ အတွေးဝင်တတ်ပါတယ်။ အရှင်းပျောက်တော့ ပြန်စားချင် စားပေါ့နော။

၂။ လိမ်းဆေး လိမ်းပါ
လိမ်းဆေး အမျိုးမျိုးရှိပါတယ်။
၁) အပေါ်ယံ ဖုံးပေးသော ဆေးများ
အပေါ်ကနေ အလွှာတစ်လွှာအဖြစ် အုပ်ပေးတဲ့ gel type ဆေးလေးတွေဟာ ပါးစပ်အနာကို သက်သာစေပါတယ်။

၂) အအနာသက်သာစေသောလိမ်းဆေးများနှင့် အယောင်ကျ လိမ်းဆေးများ
သိပ်ယောင်နေလို့ ထမင်းတောင် မစားနိုင်ဘူးဆိုရင်တော့ ထုံဆေးလို အနာသက်သာဆေးလိုအရာတေ ပါတဲ့ လိမ်းဆေးမျိုးမှ အမြန် သက်သာပါတယ်။

၃) ပိုးသတ်ဆေးပါသော လိမ်းဆေးများ
အကယ်၍ ပါးစပ်အနာကြောင့် ဖျားလာတယ်ဆိုရင် ပိုးသတ်ဆေးပါတာလေး လိမ်းပါ။ အဖျား သိပ်ကြိးရင်တော့ ဆရာဝန် ပြသင့်ပါပြီ။

၎) Steroid ပါသော လိမ်းဆေးများ
Steroid ပါတဲ့ လိမ်းဆေးတွေကတော့ အယောင်ကျတာမြန်ပါတယ်။

၃။ ဆားရည်လေးနဲ့ ပလုပ်ကျင်းပေး
ဆားရည်ဟာ ပိုးသေစေတဲ့အတွက် ဆားရည်အပျော့လေးကို နွေးနွေးလေးဖျော်ပြီး သာသာယာယာလေး ပလုပ်ကျင်းပြိးမှ ဆေးလိမ်းပါ။ ပိုထိရောက်ပါတယ်။

သတိထားဖို့ တစ်ချက်ကတော့ ပါးစပ်အနာ ခဏခဏ ဖြစ်နေတယ်။ ကိုက်မိတာ လည်း မဟုတ်၊ အခြား ဝမ်းပျက်တာတွေလည်း ခဏခဏ ဖြစ်တယ်ဆိုရင် Autoimmunity ရောဂါတွေနဲ့ အခြားရောဂါတွေကို မမေ့သင့်ပါဘူး။ မပေါ့ဆပါနဲ့။ သမားတော်နဲ့ ပြသပါ။

ဒေါက်တာယမင်း(ဆေး ၁)