ဦးနှောက်မပါဘဲမွေးဖွားခြင်း

ဦးနှောက်မပါဘဲ ကလေးမွေးဖွားခြင်းဆိုသည်မှာ မိခင်ဝမ်းအတွင်း ကလေးဖွံ့ဖြိုးစဉ်မှာ ကလေး၏ ဦးနှောက်၊ ဦးခေါင်းခွံရိုး၊ ဦးခေါင်းအရေပြား ကောင်းစွာ/ပြည့်စုံစွာမဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။ သန္ဓေသားဖွံ့ဖြိုးရက် ၂၃ ရက်နှင့် ၂၆ ရက်အတွင်းမှာ ဦးနှောက်နှင့် အာရုံကြောရိုးမကြီး အဓိက ဖွံ့ဖြိုးရမယ့်အချိန်ဖြစ်ပါတယ်။ ထိုအချိန်မှာ အကြောင်းတစ်စုံတခုကြောင့် အာရုံကြောမကြီး (Neural Tube Defect) မပြီးစီး/ မဖွံ့ဖြိုးလာခဲ့လျှင် မွေးရာပါကလေး ဦးနှောက်မပါဘဲမွေးလာခြင်းဖြစ်လာနိုင်ပါတယ်။

မွေးဖွားသော ကလေး ၄၅၀၀ မှ တစ်ယောက် ကလေးဦးခေါင်းခွံမပါဘဲမွေးဖွားနိုင်ပါတယ်။ ၇၅ ရာခိုင်နှုန်း (ကလေး ၄ယောက်မှ ၃ယောက်) ဦးနှောက်မဖွံ့ဖြိုးသောကလေးတွေမှာ အသေမွေးဖွားလေ့ရှိပါတယ်။ ၂၅ ရာနှုန်းသော Anencephaly ကလေးတွေမှာ နာရီ၊ ရက်၊ ရက်သတ္တပတ်အနည်းငယ်ထိ အသက်ရှင်လေ့ရှိပြီးမှ သေဆုံးတတ်ကြပါတယ်။ အဆိုပါကလေးတွေ မွေးဖွားချိန်မှာလည်း မျက်စိမမြင်၊ နားမကြား၊ သတိမရတတ်ကြပါဘူး။ ဦးနှောက်၏ တချို့အစိတ်အပိုင်းဖွံ့ဖြိုးခြင်းကြောင့်သာ အချိန်အနည်းငယ်မျှ အသက်ရှင်နေခြင်းဖြစ်ပါတယ်။

ဦးနှောက်မပါဘဲမွေးဖွားသောအကြောင်းရင်းကို ဆန်းစစ်ကြည့်လျှင် အဓိကအားဖြင့် (Neural Tube Defect) အာရုံကြောမကြီး ချွတ်ယွင်းခြင်းကြောင့်ဖြစ်ပါတယ်။ မျိုးရိုးလိုက်ခြင်း (Genetic Disease) ကြောင့်ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ခြေအလွန်ပင်နည်းပါးပါတယ်။ ကိုယ်ဝန်ရှိလျှင်သိခြင်း ကိုယ်ဝန်ဆောင်အားဆေးသောက်သုံးစေရခြင်းမှာ အဓိကအားဖြင့် Folic Acid ပါသောကိုယ်ဝန်ဆောင်အားဆေးကို ဆရာဝန်များက ညွှန်ကြားသောက်သုံးစေခြင်းဖြစ်ပါတယ်။ Folic acid ဟာ ကိုယ်ဝန်ဆောင်ချိန် (Neural Tube Formation) အာရုံကြောမကြီးဖွံ့ဖြိုးစေဖို့ အဓိက အားဖြည့်ကူညီပါတယ်။ Folic acid deficiency ဖောလစ်အက်စစ်ချို့တဲ့သော မိခင်တွေမှာ ဦးခေါင်းခွံမပါသောကလေးမွေးနိုင်ခြေမြင့်မားပါတယ်။

ဦးခေါင်းခွံမပါတဲ့ကလေးကို မိခင်ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှ ကြိုတင်သိရှိနိုင်ပါတယ်။ မိခင်သွေးစစ်ဆေးခြင်း (Prenatal Blood Screening) ကနေ Genetic disease တွေကို ကြိုတင်သိနိုင်ခြင်းဖြစ်စေ၊ Ultrasound ရိုက်ခြင်းက ဖြစ်စေ ကြိုတင်သိရှိနိုင်ပါတယ်။ Anencephaly ဖြစ်ခြင်းကို ကုသလို့မရပါဘူး၊ ဒါပေမယ့်ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒ့ါကြောင့်ကိုယ်ဝန်ရှိချိန်မှ စ၍ Folic acid ကို တစ်နေ့တစ်လုံးသောက်သုံးပေခြင်းအားဖြင့် ကျန်းမာဖွံ့ဖြိုးသော သားသမီးရတနာလေးများရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း တောင်းဆုပြုရေးသားတင်ဆက်လိုက်ပါရစေ။

Dr. Myat Hein Htet (Health4U)