လိုးရှင်း ဆိုတာ

lotion လို့ ပြောလိုက်တာနဲ့ မသိသူ ခပ်ရှားရှား ဖြစ်ပါလိမ့်မည်။ moisturizer တစ်မျိုးဟုလည်း သိထားပြီးဖြစ်ပါသည်။ ယနေ့ခေတ် အမျိုးသား အမျိုးသမီး၊ ကလေးများပါမကျန် အသုံးပြုလာကြသည် မဟုတ်ပါလော။ အဖြူ တစ်ခါတစ်ရံ အကြည်ရောင် အနည်းငယ်စေးပျစ်သော ခပ်ကျဲကျဲ အရေပြားလိမ်းသော အရည်တစ်မျိုးဟု ပြောရမည် ထင်ပါသည်။

ဘာအတွက် လိုးရှင်း သုံးကြတာလဲ။

  • လိုးရှင်းများကို အဓိကအားဖြင့် အပေါ်ယံအသားအရေ ချောမွေ့စေရန်၊ နူးညံ့စေရန်၊ နှင့် ရေဓာတ်ဖြည့်ရန် ရည်ရွယ်ချက်ဖြင့် အဓိကအသုံးပြုကြပေသည်။
  • အလှကုန် ပစ္စည်းတစ်ခု အနေဖြင့်သာ အသုံးပြုခြင်း မဟုတ်ဘဲ အရေပြားဆိုင်ရာ ရောဂါပြဿနာများတွင်လည်း အသုံးပြုကြပါသေးသည်။ ယခု အခါ အိုမင်းရင့်ရောင်မှုကို လျော့နည်းစေသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါ ထည့်သွင်း ထုတ်လုပ်လာကြပြီ ဖြစ်ပါသည်။

လိုးရှင်း ဘယ်လို ရွေးချယ်ကြမလဲ။

  • မိမိ အရေပြားက ဘယ်လိုအမျိုးအစားလဲ။
    • ခြောက်သွေ့သော အမျိုးအစား- ရေဓာတ်ပိုအားဖြည့်သော လိုးရှင်းမျိုးကို ရွေးချယ်ပါ။
    • အဆီများသော အရေပြား-ခပ်ကျဲကျဲ ပေါ့ပေါ့ပါးပါးကို ရွေးချယ်ပြီး ချွေးပေါက်ပိတ်စေသော ပစ္စည်းများ၊ အဆီများ၊ သတ္တုဓာတ်များပါဝင်သော လိုးရှင်းကို ရှောင်ကြည်ပါ။
    • အထိမခံ ကြွေပန်းကန် အသားအရေအတွက် တော့ အညွှန်းမှာထဲက ဓာတ်မတည့်တတ်သူများအတွက် ဆိုတာကို ရွေးချယ်တာအကောင်းဆုံးပါပဲ။
    • မိမိ အသားအရေနှင့် အသင့်တော်ဆုံးကို ရွေးချယ်မှ လှပချောမွေ့ကျန်းမာသောအသားအရေကို ပိုင်ဆိုင်မည်ဖြစ်ပါသည်။
  • ပါဝင်ပစ္စည်းများကို လေ့လာပါ။ ရိုးရှင်းလေ ပိုကောင်းလေပါပဲ။ ammonia, paraben စသည့်ပစ္စည်းများ မပါဝင်တာက အကောင်းဆုံးပါ။
  • စမ်းသုံးကြည့်ပါ။ လက်ပေါ်အရင်စမ်းလိမ်းကြည့်ပါ။ ချွဲကျိခြင်းမရှိဘဲ နေလို့ထိုင်လို့ကောင်းတယ် ဆိုမှ ဝယ်ယူ အသုံးပြုပါ။ ကိုယ်သုံးနေကြရေမွှေးနှင့် အနံ့တူတာလေး ရွေးချယ်သင့်ပါတယ်။
  • နောက်ဆုံးကတော့ ကိုယ်တတ်နိုင်တာကိုလည်း စဉ်းစားပါ။ ဈေးကြီးတိုင်း အဆင်မပြေတတ်သလို ဈေးသက်သာပေမယ့် အဆင်ပြေတာလဲရှိတတ်ပါတယ်။

ခရင်၊ အဆီပါတဲ့ ပစ္စည်းတွေထက် အားသာချက်ကဘာလဲ။

  • ခရင်၊ အဆီ တွေက ပျစ်လွန်းတတ်သဖြင့် အမွှေးအမျှင်များသော အရေပြားပေါ်မှာ မလိမ်းနိုင်ပေ။ လိုးရှင်းမှာမူ အရည် ခပ်ကျဲကျဲဖြစ်သဖြင့် ဦးရေပြားကိုပါ လိမ်းနိုင်ပါသည်။ ထို့ပြင် ပမာဏနည်းနည်းနှင့် နှံအောင် လိမ်းနိုင်ပေသည်။ ထို့ကြောင့် အရေပြားကုသမှုများ၊ ဆေးများထည့်သွင်းထားသော လိမ်းဆေး၊ ခေါင်းလျော်ရည်များမှာ တစ်နည်းအားဖြင့် လိုးရှင်းအမျိုးအစားများဟု ဆိုနိုင်ပေသည်။

ကျန်းမာရေးဘေးထွက်ဆိုးကျိုးများ

ကျန်းမာလှပသောအရေပြားဖြစ်စေရန် အသုံးပြုသော်လည်း တစ်ခါတစ်ရံ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိတတ်ပါသည်။

  • ချွေးပေါက်ပိတ်ခြင်း
  • အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဓာတ်ပစ္စည်းများ ဝင်ရောက်ခြင်း
  • အချို့သော အလှကုန် လိုးရှင်းများတွင် ထည့်သွင်းလေ့ရှိသော parabens သည် ရင်သားဆဲလ်ပွားမှုကို အားပေးသဖြင့် ကင်ဆာဖြစ်စေတတ်ပါသည်။
  • ဓာတ်မတည့်ခြင်းစသည်တို့ဖြစ်တတ်ပါသည်။

ရီချို(ဆေး ၁)