အရွယ်မတိုင်ခင် အိုမင်းခြင်း

အခုတစ်ခေါက်ဆောင်းပါးမှာတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ အမျိုးသမီးတွေ ကြုံတွေ့ရလေ့ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ အဲ့ဒီပြောင်းလဲမှုတွေကို ကာကွယ်ထိန်းသိမ်းလို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်

အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလေးတွေနဲ့ စတင်ကြုံလာရပါတယ်

အဲ့ဒီ လက္ခဏာလေးတွေကတော့-

1)နှဖူးအရေးအကြောင်းများပေါ်လာခြင်း

2)မျက်မှောင်ကျုံ့တဲ့ နေရာ အရေးအကြောင်းများပေါ်လာခြင်း

3)မျက်လုံးဘေး ကျီးခြေရာ အရေးအကြောင်းများ

4)နှာခေါင်း အရေးအကြောင်းများ

5)နှာခေါင်းဘေး smile line အရေးအကြောင်းများ ထင်းလာခြင်း

6)ပါးစပ်ဘေးအရေးအကြောင်းများထင်းလာခြင်း

7)ပါးပြင်အသားအရေ တွဲကျလျော့ရဲလာခြင်း

8)မျက်အိတ်ဖောင်းလာခြင်း

9)မျက်လုံးအောက်အရေးအကြောင်းများ ပေါ်လာပြီး မျက်တွင်းများကျလာခြင်း

10)မေးနှစ်ထပ်ဖြစ်လာခြင်းနဲ့

11)လည်ပင်းအသားအရေ ပျော့လာခြင်း အရေးအကြောင်းများထင်းလာခြင်း တို့ပဲဖြစ်ပါတယ်

အသက် ၅၀ ကျော်လာလျှင်တော့ အထက်ပါအရေးအကြောင်းများ အပြင်

1)ဆံပင်အရောင်ဖျော့လာခြင်း

2)သွေးကြောများပါးလာခြင်း

3)အမြင်အာရုံ ဝေဝါးလာခြင်း

4)အရေပြားပေါ်တွင် အမဲစက်များ, တင်းတိတ်နဲ့ အစက်အပျောက်များပေါ်လာခြင်း

5)မျက်တောင်မွှေးနှင့် မျက်ခုံးမွှေး, ဆံပင်ပါးလာခြင်း

6)တံတောင်ဆစ်နှင့် ဒူးခေါင်းတစ်ဝိုက် အရေးအကြောင်းများပေါ်လာခြင်း

7)သွေးဆုံးပြီးသော အမျိုးသမီးများကတော့ သားမွေးလမ်းကြောင်းခြောက်သွေ့ခြင်း, သွားမွေးလမ်းကြောင်းနံရံ ပါးလာခြင်း, လျော့ရဲလာခြင်းတို့ အပြင် အပူအအေးမမျှခြင်း, စိတ်အပြောင်းအလဲမြန်ခြင်း, ရင်သားများလျော့ရဲလာပြီး သေးသွားခြင်း, အိပ်မပျော်ခြင်း, သတိမေ့တတ်ခြင်း, လိင်စိတ်လျော့နဲလာခြင်း, အရိုးပွခြင်း, ဆီးမထိန်းနိုင်ခြင်း, ဆီးခဏခဏသွားခြင်းတို့အပြင် သားအိမ်ကျွံကျခြင်းများ ခံစားလာရတတ်ပါတယ်

အိုမင်းရင့်ရော်ခြင်းကို ပိုမိုမြန်ဆန်စေတဲ့ အရာတွေကတော့-

1)ပူပြင်းသော နေရောင်ခြည်ထဲ ထွက်၍အလုပ်လုပ်ရခြင်း

2)စိတ်ဖိစီးမှုများခြင်း, အိပ်ချိန်မမှန်ခြင်း

3)ခန္ဓာကိုယ်ကို အန္တာရာယ်ပေးသော အစားအစာများ အသုံးအဆောင်များသုံးစွဲခြင်း( ဥပမာ- ဆိုးဆေးပါသော အစားအစာများ, တာရှည်ခံအောင်လုပ်ထားသောအစားအစာများ, ပြည့်ဝဆီများ စားသုံးခြင်း, ဆံပင်ဆိုးဆေးများ, chemical အပြင်းစားပါသော skincare နှင့် မိတ်ကပ်များ သုံးစွဲခြင်း) တို့ပဲဖြစ်ပါတယ်

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း မဖြစ်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့-

1)နေပူထဲထွက်တိုင်း နေလောင်ကာ cream မှန်မှန်လိမ်းပေးခြင်း

2)မိမိအသက်အရွယ်, အသားအရေနှင့် သင့်တော်သော skincare များရွေးချယ်အသုံးပြုပေးခြင်း

3)အသားအရေ စိုပြေအောင် အမြဲဂရုစိုက် စားသောက်ပေးခြင်း (အသီးအရွက်များများစားခြင်း, ရေများများသောက်ခြင်း), moisturizer မှန်မှန်လိမ်းပေးခြင်း

4)လိုအပ်သော ဖြည့်စွက်စာများ မှန်မှန်စားပေးခြင်း (fish oil, astaxanthin, vitamin C အစရှိသဖြင့်)

5)မျက်လုံးအောက် cream မှန်မှန်လိမ်းပေးခြင်း

6)ကျွမ်းကျင်သော အရေပြားနှင့် အလှအပဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြီး Botox , Filler နှင့် Collagen ကြိုးများ, chemical peel, သွေးရည်ကြည်, laser စက်များ အသုံးပြု၍ ကုသမှုခံယူပြီးတော့လဲ ထိန်းသိမ်းပေးနိုင်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)