သူ့အတွက်ရတနာ ကိုယ့်အတွက် ဝေဒနာ

သမီး ကိုကူညီပါအုန်း ဆရာ ဒီကလေးယူလို့ မဖြစ်လို့ပါ စသည့် စကားများမှာ ကျွန်တော်တို့ ဆရာဝန်တွေ နေ့စဉ် အမြဲကြုံတွေ့ဖြေရှင်းနေရပါတယ်။

ကလေးဖျက်ချတာ တရားဝင်လား?

တရားဥပဒေအရ လုံးဝတရားမဝင်ပါ။ ပြုလုပ်ပေးသူကော ပြုလုပ်ခံသူ အားပေးကူညီသူတွေပါ ထောင်ဒဏ်ကျခံစေရန် ပြဌာန်းထားပါတယ်။
ဘာကြောင့်ဖျက်ခြင်ကြတာလဲ? အများစုက ကောင်လေးက ရှောင်နေတဲ့သူ များပါတယ်။ လက်ထပ်ရန် အဆင်မပြေတဲ့သူ တွေ မို့ ဖျက်ခြင်ကြသူတွေလည်းရှိပါတယ် ။ သေဆုံးမှုများအတွက် မည်သူတရားခံလဲ? လောဆည်စာရင်းများအရ မြန်မာပြည်က ကိုယ်ဝန်ဆောင်သေဆုံးမှုနှုန်းက အရှေ့တောင်အာရှမှာ ဒုတိယပါ ။ နှစ်စဉ် ၂၈၀၀သော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သေဆုံးနေကြပါတယ်။ အဲသေဆုံးတာတွေရဲ့ သုံးပုံ တစ်ပုံက ကိုယ်ဝန်ဖျက်ချတာတွေကြောင့်ပါ ။ ပြီး ကိုယ်ဝန်ဖျက်ချလို့ သေပြီ ဆို ကွယ်ဝှက်တတ်ကြလို့ ဖျောက်ဖျက်တာတွေ မပါသေးပါဘူး။ စိတ်မကောင်းစရာပါပဲ ။

ဘယ်လိုသေဆုံးတာလဲ ?

အဓိက သေဆုံးတာက နှစ်ခုကြောင့်ပါ ။သွေးဆိပ်သင့်တာ နဲ့ သွေးထွက်လွန်တာပါ ။ဆေးရုံကို ရောက်ရင်လည်း နောက်ကျ လွန်ခါမှ ရောက်လာကြပါတယ်။ ကလေးမမွေးနိုင်လို့သေတာ ထက် ဖျက်ချလို့သေတာက ပိုများပါတယ် ။ တော်တော်များမျုားက တုတ်နဲ့ထိုးတာ စမုတ်တံနဲ့ ထိုးဖျက်ချတာတွေ စသည်ဖြင့် လုပ်နေကြပါတယ် ။အဲလိုထိုးရင် မသန့်သော ပစ္စည်းကနေပိုးဝင် လာတာပါ ။ပိုးဝင်လာရင် သွေးဆိပ်သင့်ပြီး အသက်သေစေနိုင်ပါတယ်။ ကံကောင်းလို့မသေပဲ ပြန်ကောင်းရင်တောင်ကလေးရဖို့ခက်သွားပါတယ်ထိခိုက်မိတာ သားအိမ်ကိုထိုးမိတာ ပေါက်တာ ပြဲတာကနေ သွေးဆင်းလာတတ်ပါတယ်။ သွေးဆင်းတာအရမ်းများပြီးမထိန်းနိုင်ရင် သေဆုံးနိုင်ပါတယ် ။

မီးဆိုတာမလောင်ခင်ကတည်းက တားရပါတယ်။ အဲလိုပါပဲ ကိုယ်ဝန်ရမလာအောင် အစကတည်းက တားရပါမယ်။ ပေါ့ပေါ့တန်တန်သဘော မထားသင့်ပါဘူး။
ကလေးယူဖို့ လောလောဆည်အဆင်မပြေသေးသူတွေအတွက် မိသားစု စီမံကိန်း ဆွဲထားဖို့ လိုပါတယ်။ မှန်ကန်တဲ့ သားဆက်ခြားနည်းသုံးတာဟာ ကိုယ့်ပုခုံးပေါ်မှာရှိတဲ့ လူမှုရေး စီးပွားရေး ကျန်းမာရေးဝန်တွေကို လျော့စေပါတယ်။ ချစ်သူစုံတွဲတွေလည်း သေချာဆုံးဖြတ်ဖို့လိုပါတယ်။ ပညာကလည်း တစ်ပိုင်းတစ်စ ငွေရေးကြေးရေးကလည်း မပြေလည် အခြေအနေမျိုးဆိုရင် တားထားဖို့လိုပါတယ် ။

အရေးပေါ်တားဆေး

လွယ်လွယ်ကူကူ ဝယ်လို့ရ ပါတယ်။ အတူနေပြီး နာရီ၁၂၀အတွင်း သောက်ပြီး တားလို့ရပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်စိတ်မချရပါဘူး ။ ရသွားတတ်ပါတယ်။

ကွန်ဒုံး

ကွန်ဒုံး က ဝယ်ရလွယ်ပါတယ်။ အသုံးပြုနည်းမှန်မှန်နဲ့ ကျွတ်တာပေါက်ပြဲတာမရှိရင် အရမ်းကောင်းပါတယ်။ လိင်ကတဆင့်ကူးစက်တာမှန်သမျှကာကွယ်ပေးပါတယ်။အလွှာခြားနေတာမကြိုက် သူတွေကတော့ မသုံးခြင်ကြ ပါဘူး ။

အထူးနည်းလမ်းများ

လူတော်တော်များများက နောက်တစ်နည်းကိုမေ့နေတတ်ပါတယ် ။လက်မောင်းထဲ ထည့်တဲ့ ပစ္စည်းလေးအကြောင်းပါ ။တခါထည့်ထားတာနဲ့ ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ် ။အရမ်းကာကွယ်မှုကောင်းပါတယ် ။ လူကြားသူကြား ဆေးဝယ်ရတိုင်း ရှက်ရတာ မရှိတော့ပါဘူး ။ (ရှက်စရာရယ်တော့ မဟုတ်ပေမဲ့ တစ်ခါတလေ မျက်နှာပူရတယ်လေ)။ ဆေးခန်းသွားပြီးထည့်လိုက်ရုံပါပဲ ။၁၅မိနစ်သာကြာပါတယ်။ ထည့်ထားမှန်းလည်း ဘယ်သူမှမသိနိုင်ပါဘူး။ ဒီနည်းလေးနဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ် နော် ။

မိန်းမသားတို့ ဘ၀များ အတွက် မိသားစု စီမံကိန်း ရဲ့ အရေးပါပုံကို သိစေဖို့  တင်ပြပေးလိုက်ပေး လိုက်ပါတယ် ။ ။

Dr. ZYL