ကျန်းကျန်းမာမာ ဓမ္မတာ

ရာသီသွေးဆင်းခြင်းနဲ့ ပတ်သက်ပြီး မိန်းကလေး အများစု ခံစားရတဲ့ ဝေဒနာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Premenstrual Syndrome (PMS) လို့ ခေါ်တဲ့ ရာသီမလာခင် ဒေါသထွက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အားငယ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေပါပဲ။ တချို့ကတော့ သာမန် စိတ်တို စိတ်ဆတ်လွယ်ရုံလောက်နဲ့ ပြီးသွားပေမယ့် တချို့အတွက်ကတော့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေမှာ ထိခိုက်လောက်တဲ့ထိကို စိတ်ဓါတ်အတက်အကျဖြစ်တာ ဆိုးဝါးပါတယ်။

PMS ဘာကြောင့် ဖြစ်တာလဲ?

ဘာကြောင့်ရယ်လို့ အတိအကျ မပြောနိုင်သေးပေမယ့် ခုချိန်ထိတော့ ဟော်မုန်းတွေ မညီမမျှဖြစ်မှုကြောင့်လို့ပဲ ဆေးပညာရှင်တွေက လက်ခံထားပါတယ်။

ရာသီမလာခင် 1 ပတ် (သို့) 2 ပတ် အလိုလောက်မှာ ခံစားရလေ့ရှိပြီး ရာသီလာတာနဲ့ သက်သာသွားတတ်ပါတယ်။

PMS ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

1) Mood swings လို့ခေါ်တဲ့ စိတ်ဓါတ်အတက်အကျ ဖြစ်မယ်။ ခဏနေ ပျော်လိုက်၊ ခဏနေ ၀မ်းနည်းလိုက်၊ ခဏနေ တက်ကြွလိုက်၊ ခဏနေ အားငယ်သွားလိုက်နဲ့ အင်မတန် ခံစားရ၊ ထိန်းချုပ်ရခက်တယ်ဆိုတာ မိန်းကလေးတိုင်း သိကြပါတယ်။

2) စိတ်ဆိုး၊ စိတ်တိုလွယ်မယ်။ စိတ်ဆတ်မယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကို အရမ်းကြီး တုံ့ပြန်နေမိတဲ့အတွက် လူမှုရေးထိခိုက်မှုတွေတောင် ရှိလာပါတယ်။

3) စားပြီးရင်း စားချင်နေပါတယ်။ ဟိုဟာလဲ စားချင်၊ ဒီဟာလဲ စားချင်နဲ့ တွေ့ကရာ လျှောက်စားနေတော့တာပါပဲ။ အထူးသဖြင့် ချိုတာတွေ စားချင်ပါတယ်။ ပုံမုန် အချိုမကြိုက်တတ်တဲ့သူတောင် ဒီလိုချိန်ဆို ရေခဲမုန့်တို့၊ ချောကလက်တို့ အရမ်းစားချင်ပါတယ်။

4) ရင်သားတွေ တင်းပြီး နာတာတို့၊ ခေါင်းကိုက်တာတို့၊ အစာမကြေ လေပွတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ဘယ်အရာတွေက PMS ကို ပိုဆိုးစေလဲ?

1) စိတ်ဖိစီးမှုများခြင်း

2) အ၀လွန်ုခြင်း

3) ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း

4) အရက် အလွန်အကျွံ သောက်သုံးခြင်း တွေက PMS လက္ခဏာတွေကို ပိုပြီး ဆိုးဝါးစေပါတယ်။

PMS သက်သာအောင် ဘာတွေ စားကြမလဲ?

1) Sugar craving အချို အရမ်းစားချင်တဲ့သူတွေအတွက် glycemic index (GI) နည်းတဲ့ အစားအစာတွေက အထောက်အကူ ဖြစ်ပါတယ်။ Glycemic index နည်းတဲ့ အစားအစာတွေကို comment မှာ ဖော်ပြထားပါတယ်။

2) Calcium နဲ့ vitamin D က ရာသီမလာခင် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါကြောင့် အဆီထုတ်ထားတဲ့ နွားနို့ကို နေ့စဉ် သောက်သုံးပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက အဆီထုတ်ထားတဲ့ နွားနို့ဟာ မလိုင်အပြည့်ပါတဲ့ နွားနို့ထက် vitamin D ပါဝင်မှုနည်းပါတယ်။ ဒါကြောင့် vitamin D ထပ်မံဖြည့်စွက်ထားတဲ့ vitamin D fortified low fat/skimmed milk တွေက အကျိုးသက်ရောက်မှု ပိုရှိပါလိမ့်မယ်။ အကယ်၍ calcium နဲ့ vitamin D ကို အားဆေးအနေနဲ့ သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးပညာရှင်တွေနဲ့ အရင်ဆုံးတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

3) Vitamin E နဲ့ essential fatty acids တွေ ပါဝင်တဲ့ အားဆေးတွေ (ဥပမာ – ငါးကြီးဆီ) ကတော့ PMS ရဲ့ လက္ခဏာတွေကို သိသိသာသာ သက်သာစေပါတယ်။

img

4) အရင်က Evening primrose oil ကို PMS သက်သာစေဖို့အတွက် ဆေးအနေနဲ့ ပေးကြပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ အမှန်တကယ် ထိရောက်မှုရှိတာ မတွေ့ရတဲ့အတွက် ခုနောက်ပိုင်းမှာတော့ သိပ်မသုံးကြတော့ပါဘူး။

5) အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။ အမျိုးသမီး တစ်ယောက်အတွက် သင့်တော်တဲ့ alcohol ပမာဏဟာ တစ်ရက်ကို 1 fluid ounce (30 ml) သာ ဖြစ်ပါတယ်။

6) ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းကိုလဲ ရှောင်ကြဉ်ရပါမယ်။ တစ်နေ့ကို 3 ခွက်ထပ်ပိုပြီး မသောက်တာ ကောင်းပါတယ်။

7) အ၀လွန်တဲ့သူတွေ ကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်ပါတယ်။

8)စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို အတော်လေး လျော့ကျစေပါတယ်။ လေ့လာစမ်းသပ်မှုတစ်ခုအရ PMS ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေကို တစ်နေ့ကို 2 ကြိမ်၊ တစ်ကြိမ်မှာ 15 မိနစ်ခန့် မျက်လုံးမှိတ် ငြိမ်ငြိမ်လေးထိုင်နေစေပြီး ၀င်လာတဲ့ အတွေးတွေကို သတိထားကြည့်ခိုင်းပါတယ်။ အတွေးတွေ ၀င်လာတဲ့အခါ ဘာမှ react မလုပ်ဘဲ သိရုံလေးတင် သိနေဖို့ ညွန်ကြားချက်တွေပေးပြီး စမ်းသပ်ကြည့်တဲ့အခါ PMS ဝေဒနာတွေကို ထိထိရောက်ရောက် သက်သာစေတာ တွေ့ရပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာအရတော့ စိတ္တာနုပဿနာပေါ့။ ယောဂလေ့ကျင့်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းတို့နဲ့လဲ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။

မိန်းကလေးတိုင်း ကိုယ်ကျန်းမာတဲ့ စိတ်ချမ်းသာတဲ့ period တွေ ပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုပါတယ်။ ကိုယ့်ကောင်မလေး တစ်ခါတစ်လေ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိ၊ ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိတဲ့ အဖြစ်မျိုးတွေ ကင်းပါစေလို့လဲ အမျိုးသားတိုင်းအတွက် ဆန္ဒပြုပါတယ်။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)