ပွေးအမြန်ပျောက်စေမည့်နည်းလမ်းများ

လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ပြီးလူတွေကိုအတော်ဒုက္ခပေးနိုင်တဲ့ပွေးရောဂါ။ ဒီလိုရောဂါမျိုးကို ဘယ်လိုမြန်မြန်ပျောက်အောင်ကုသလို့ရမလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။ ဒီလိုမျိုးလူတွေကိုအနှောင့်အယှက်တွေပေး၊ဝေဒနာတွေပေးတတ်တဲ့ရောဂါမျိုးကို အမြန်သက်သာစေမယ့်နည်းလမ်းလေးတွေကိုတော့ သိထားသင့်တယ်မဟုတ်လားနော်။

ပွေးရောဂါကို ဘယ်လိုမြန်မြန်ပျောက်အောင်ကုမလဲ???

အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကိုလိုက်ပါဆောင်ရွက်ခြင်းအားဖြင့် ပွေးကိုမြန်မြန်နှင်ထုတ်ပစ်နိုင်ပါလိမ့်မယ်…

၁။မှိုသတ်ဆေးပါဝင်သောလိမ်းဆေးများလိမ်းခြင်း။ Miconazole,clotrimazole & terbinafine တစ်ခုခုပါဝင်သောမှိုသတ်လိမ်းဆေးများကိုတစ်ရက်လျှင် ၂/၃ကြိမ် စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် ပွေးကိုအမြန်ပျောက်ကင်းစေနိုင်ပါတယ်။ လိမ်းတဲ့အခါမှာလဲ ယားနာရဲ့အနားသတ်အပြင်ဘက် အရေပြားအကောင်းအတိုင်းနေရာအထိကိုစင်တီမီတာအနည်းငယ်ကျော်လွန်၍လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီလိုလိမ်းမှလဲ ဆေးဟာအရေပြားမှာကောင်းမွန်စွာစိမ့်ဝင်နိုင်မှာဖြစ်ပါတယ်။

၂။သက်တောင့်သက်သာရှိသော၊လေဝင်လေထွက်ကောင်းသော၊မကြပ်လွန်းပဲ ပွပွချောင်ချောင်ရှိသော အဝတ်အထည်လေးတွေ ဝတ်ဆင်ခြင်း။ အထက်ပါအဝတ်အစားများဟာ အရေပြားစွတ်စိုထိုင်းမှိုင်းမှု၊ချွေးပြန်မှုကိုသက်သာစေတာကြောင့် ပွေးကိုမြန်မြန်သက်သာစေနိုင်ပါတယ်။

၃။အိပ်ရာခင်း၊ဂွမ်းကပ်တို့ကိုပုံမှန်လျှော်ဖွတ်ပေးပါ။ ပွေးဟာမှိုရောဂါဖြစ်တာကြောင့် ၎င်းရဲ့မျိုးမှုန်လေးတွေဟာ အိပ်ရာ၊စောင်၊ဂွမ်းကပ်တွေမှာကပ်နေတတ်ပါတယ်။
ဒါကြောင့် အိပ်ရာဝင်ပစ္စည်းတွေကိုရေနွေးပူနှင့်ချေးချွတ်ဆေးတို့ဖြင့်လျှော်ဖွတ်ခြင်းဟာ ပွေးကိုမြန်မြန်ပျောက်စေနိုင်သလို တစ်ခြားသူတွေကိုမကူးစက်အောင်၊မိမိကိုယ်တိုင်လဲထပ်မဖြစ်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၎။အတွင်းခံနှင့်ခြေအိတ်တို့ကို ပုံမှန်လဲပါ။ စိုစွတ်သောအတွင်းခံနဲ့ခြေအိတ်တွေဟာ မှိုရောဂါပိုးတွေကိုဖိတ်ခေါ်နေသလိုပါပဲ။ ခြောက်သွေ့သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့အတွင်းခံ၊ခြေအိတ်တွေသုံးခြင်းဖြင့် ပွေးကိုမြန်မြန်နှုတ်ဆက်လိုက်ပါစို့။

၅။မှိုသတ်ဆေးပါဝင်သောခေါင်းလျှော်ရည်များသုံးစွဲခြင်း။ ဦးရေပြားတွင်ဖြစ်သောပွေးရောဂါအတွက် မှိုသတ်ဆေးပါဝင်သောခေါင်းလျှော်ရည်ဖြင့်ခေါင်းလျှော်သန့်စင်ပေးနိုင်ပါသည်။ သို့သော်လည်း ဦးရေပြားရောဂါတွင်မူ မှိုသတ်ဆေးသောက်ဆေးများသုံးစွဲပါမှ ရောဂါကိုနိုင်နင်းသည်ကများပါသည်။

၆။ဆရာဝန်နှင့်ပြသ၍ ဆေးဝါးကုသမှုခံယူခြင်း။ အကယ်၍ပွေးရောဂါဟာ (၂)ပတ်ထက်ပိုမိုကြာမြင့်နေပါက ဆရာဝန်နှင့်ပြသကာ ဆေးဝါးများကိုညွှန်ကြားသည့်အတိုင်းသုံးစွဲရန်လိုပါသည်။ လိမ်းဆေးများ၊ခေါင်းလျှော်ရည်များသုံးသည့်အခါ ပွေးကွက်အရာများလုံးဝပျောက်သွားသည်အထိလိမ်းသင့်ပါတယ်။

သို့မဟုတ်ပါက မကြာခဏပြန်ပြန်ဖြစ်လေ့ရှိလို့ပါ။ ဒီလောက်ဆိုရင် ပွေးရောဂါကိုမြန်မြန်ပျောက်စေနိုင်တဲ့နည်းလမ်းလေးတွေကို သိကြပြီဖြစ်ပါတယ်။

အရေပြားရောဂါတွေကင်းရှင်းပြီး ကျန်းမာလှပသောအသားအရေလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm