?အရေပြားယားယံမှုကို ထိန်းသိမ်းနည်း?

အချစ်နဲ့ ယားယံခြင်း ဆိုတာ အောင့်ထားလို့မရတဲ့ အရာတွေထဲမှာ ထိပ်ဆုံးမှာရှိပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိလာရင် မနေနိုင်မထိုင်နိုင် မူပျက်လာတတ်သလိုပဲ ယားယံလာပြီဆိုရင်လည်း မကုတ်ဘဲမနေနိုင်အောင် ဂဏှာမငြိမ် ဖြစ်နေတတ်ပါတယ်။ မချစ်ဖူးတဲ့လူမရှိသလို မယားဖူးတဲ့လူလည်းမရှိပါဘူး။ အခုတော့ ယားယံခြင်းအကြောင်း နည်းနည်းပြောပြပါမယ်။ အချစ်အကြောင်းကတော့ နောက်မှ ကြုံရင်ပေါ့။

?ယားယံစေတဲ့ အကြောင်းတွေအများကြီးရှိပါတယ်။

ဓာတ်မတည့်တာ ၊ အရေပြားရောဂါနဲ့ ယားနာတွေကြောင့် ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ယားယား ဖြစ်စေတဲ့အကြောင်းကို ရှာဖွေကုသမှ တကယ်ထိရောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ပဲ ယားယား မြန်မြန်အယားပျောက်ပြီး သက်သာစေဖို့ ဒီအချက်လေးတွေ လုပ်ပေးလို့ရပါတယ်။

– လုံးဝမကုတ်မိအောင် လက်ကိုထိန်းပါ။

ကုတ်လေ ယားလေ ဖြစ်ပါတယ်။

– ယားယံတဲ့နေရာကို ရေခဲ သို့မဟုတ် ရေပတ်ဝတ် အေးအေးလေးကပ်ပေးပါ။

ငါးမိနစ်မှ ဆယ်မိနစ် ဒါမှမဟုတ် ယားတာပျောက်တဲ့အထိ ကပ်နိုင်ပါတယ်။

– အသားအရေ မခြောက်သွေ့ပါစေနဲ့။

အစိုဓာတ်ထိန်းဖို့ moisturizer တစ်ခုခုအမြဲလိမ်းထားပါ။

အနံ့ပါတာတွေတော့ ရှောင်ပါ။

ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အေးစေတဲ့ အာနိသင်ပါ ရစေလို့ ပိုသက်သာစေပါမယ်။

– pramoxine ဆိုတဲ့ ထုံဆေးပါတဲ့ လိမ်းဆေးတွေ လိမ်းလို့ရပါတယ်။

– Calamine သို့မဟုတ် Menthol ပါဝင်တဲ့ လိမ်းဆေးတွေကလည်း အသားအရေ အေးမြစေပြီး သက်သာစေပါတယ်။

?မယားအောင် ကာကွယ်ဖို့ အတွက်

– ရေခပ်နွေးနွေးလေးနဲ့ ရေချိုးပါ

ရေချိုးတာ ဆယ်မိနစ်ထက်ပိုမကြာပါစေနဲ့။

– ဘော်ဒီလိုးရှင်း၊ ကိုယ်တိုက်ဆပ်ပြာနဲ့ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ စတာတွေကို တတ်နိုင်သမျှ အနံ့မပါတာ ရွေးသုံးပါ။

– ချည်သား ချောင်ချောင်ပွပွ အဝတ်တွေပဲ ဝတ်ဆင်ပါ။

သိုးမွှေးထည်နဲ့ တခြားခပ်ကြမ်းကြမ်းအသားတွေရှောင်ပါ။

– ပူလိုက်အေးလိုက် အခြေအနေမျိုး၊ ပူလွန်းအေးလွန်းတဲ့ အခြေအနေမျိုးတွေ မဖြစ်အောင် သတိထားပါ။

အခန်းကို အနည်းငယ်အေးမြပြီး စိုထိုင်းဆ အတော်အသင့်ရှိအောင် ထိန်းသိမ်းပါ။

ဆောင်းတွင်းမှာ အသားမပတ်အောင် humidifier သုံးပါ။

– အရေးအကြီးဆုံး လူသိနည်းတဲ့ အချက်ကတော့ စိတ်ဖိစီးမှုလျှော့ပါ။

စိတ်ဖိစီးရင် ပိုယားယံလာတတ်ပါတယ်။

မသက်သာရင် ပိုဆိုးလာရင်တော့ အရေပြားဆရာဝန်နဲ့ပြဖို့ လိုပါလိမ့်မယ်။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(17.10.19)