လူတစ်ယောက်အိပ်ပျော်သွားတဲ့အခါမှာ အိပ်စက်ခြင်းစက်ဝိုင်းမှာ အဆင့်နှစ်မျိုးရှိပါတယ်။ တစ်ခုက အိပ်မက်တောင်မမက်ဘဲ လုံးဝနှစ်ခြိုက်စွာ အိပ်မောကျတဲ့အဆင့်နဲ့ အလွယ်တကူပြန်နိုးနိုင်တဲ့ အိပ်မက်မက်တဲ့ အဆင့် ဆိုပြီးနှစ်မျိုးရှိပါတယ်။
အိပ်ပျော်နေတဲ့ညတစ်ညအတွင်းမှာ အဲဒီအဆင့်နှစ်ဆင့်ဟာ ကြိမ်ဖန်များစွာ လည်ပတ်နေပါတယ်။

ဒီဆောင်းပါးမှာတော့ သက်ကြီးရွယ်အို ဘိုးဘိုး၊ဘွားဘွားတို့ရဲ့ အိပ်စက်ခြင်းပုံစံအကြောင်း ရေးသားချင်ပါတယ်။ လူဟာ အသက်ကြီးလာရင် အိပ်စက်ခြင်းပုံစံတွေ ပြောင်းလဲသွားတတ်ပါတယ်။ အသက်ကြီးရင့်လာရင် အိပ်ပျော်သွားဖို့ အတန်ငယ်ခက်ခဲပါတယ်။ ညဘက်မှာ ခဏခဏ လန့်နိုးတတ်ပြီး မနက်မှာလည်း အစောကြီးနိုးနေတတ်ပါတယ်။

ဘိုးဘိုး၊ဘွားဘွားတို့ရဲ့ ညတစ်ညမှာ စုစုပေါင်းအိပ်စက်ချိန်ဟာ လူငယ်တွေထက်နည်းပါတယ်။ ပျမ်းမျှအားဖြင့် ခြောက်နာရီခွဲကနေ ခုနစ်နာရီထိရှိပါတယ်။ အိပ်စက်ချိန်နည်းပေမယ့် အိပ်ပျော်ဖို့ခက်တဲ့အတွက် အိပ်ရာထဲမှာနေတဲ့အချိန်ကတော့ ပိုများနိုင်ပါတယ်။ အဘိုး၊အဘွားတို့ဟာ တစ်ညကို ပျမ်းမျှသုံးကြိမ် သို့မဟုတ် လေးကြိမ်လောက်နိုးတတ်ပါတယ်။ လူငယ်တွေထက်ပိုပြီးလည်း အအိပ်ဆတ်ပါတယ်။

အိပ်စက်ခြင်းအဆင့်နှစ်မျိုးမှာ လူငယ်တွေလို နှစ်ခြိုက်စွာအိပ်မောကျတဲ့အချိန် မများပါဘူး။ ညဘက်ဆီးသွားခြင်း၊ စိတ်လှုပ်ရှားခြင်း၊ နာတာရှည်ရောဂါတစ်မျိုးမျိးကြောင့် နာကျင်ခြင်း၊နေရခက်ခြင်းတို့ကြောင့်လည်း ညဘက်တွေနိုးနေတတ်ပါတယ်။

ဘိုးဘိုး၊ဘွားဘွားတို့ အိပ်စက်ခြင်းပုံစံဟာ လူငယ်တွေနဲ့မတူဘဲ ပြောင်းလဲနေတဲ့အတွက် အကျိုးသက်ရောက်မှုတွေလည်းရှိပါတယ်။ အိပ်ရာထဲမှာရှိတဲ့အချိန်က အရင်လိုတူတူပဲဖြစ်ပေမယ့် ခဏခဏနိုးနေတတ်တဲ့အတွက် အိပ်ရေးမဝသလိုခံစားရတတ်ပါတယ်။

ညဘက်အိပ်မပျော်တော့ခြင်းဟာ သက်ကြီးရွယ်အိုများအတွက် ပြဿနာတစ်ခုပါပဲ။ အိပ်ရေးမဝတဲ့အခါ စိတ်ရှုပ်ထွေးခြင်း နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ မပြေလည်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာကို ကုသလို့ရနိုင်ပါတယ်။

သတိပြုဖို့တစ်ခုက ဘိုးဘိုး၊ဘွားဘွားတို့ ကာလကြာရှည်စွာ အိပ်မပျော်တဲ့အခါမှာ စိတ်ကျရောဂါရှိမရှိသိရှိနိုင်အောင် စမ်းသပ်ကုသမှုခံယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ကျရောဂါရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုဟာ အိပ်မပျော်ခြင်းဖြစ်လို့ပါပဲ။

*ဘယ်လိုကုသကြမလဲ?

ဘိုးဘိုး၊ဘွားဘွားတို့ ညဘက်ကောင်းကောင်း အိပ်မပျော်တဲ့အခါ ဆရာဝန်ညွှန်ကြားချက်နဲ့ အိပ်ဆေးပမာဏအတိအကျသောက်သုံးပြီးကုသလို့ရပါတယ်။အိပ်ဆေးတွေဟာ စွဲတတ်တဲ့အတွက် မိမိသဘောနဲ့မိမိတော့ မတိုက်သင့်ပါဘူး။

*ဘိုးဘိုး၊ဘွားဘွားတို့ကို ကူညီပေးသင့်တဲ့အချက်များ

(၁) ညဘက်မှာအစားအသောက်တစ်မျိုးမျိုးကို အများကြီးမဟုတ်ဘဲ ကျွေးတာမျိုးပြုလုပ်သင့်ပါတယ်။ ဥပမာ နွားနို့ပူပူတစ်ခွက်ကို တိုက်ပေးခြင်းဟာ နွားနို့မှာပါတဲ့ အမိုင်နိုအက်ဆစ်ကြောင့် သဘာဝအတိုင်း ကောင်းမွန်စွာ အိပ်ပျော်မှုကိုဖြစ်စေနိုင်ပါတယ်။

(၂) ညအိပ်ရာမဝင်ခင် သုံးနာရီ၊လေးနာရီလောက်အလိုမှာ လက်ဘက်ရည်၊ ကိုကာကိုလာ (Coca Cola) စတာတွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ပေးသင့်ပါတယ်။

(၄) မအိပ်ခင်မှာ စိတ်လှုပ်ရှားစေတဲ့ တီဗီရုပ်ရှင်တွေကြည့်တာတွေ ရှောင်ခိုင်းသင့်ပါတယ်။

(၅)ညအိပ်ရာဝင်ချိန်နဲ့ မနက်ထချိန်ကို ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးသင့်ပါတယ်။

(၆) ဘိုးဘိုး၊ဘွားဘွားတို့ကို ဆေးလိပ်သောက်ခြင်းကနေ ရှောင်ကြဉ်စေသင့်ပါတယ်။

ဘိုးဘိုး၊ဘွားဘွားတို့ဟာ အိပ်ရာဝင်ပြီး မိနစ်နှစ်ဆယ်ထိ အိပ်မပျော်သေးရင် အိပ်ရာထဲကနေ ခဏထပြီး စာဖတ်ခြင်း၊ သီချင်းသံ ငြိမ့်ငြိမ့်ညောင်းညောင်းကို နားဆင်ခြင်း ခေတ္တပြုလုပ်ပြီး ပြန်အိပ်ချင်လာတဲ့အခါမှာ အိပ်ရာပြန်ဝင်ဖို့အကြံပေးချင်ပါတယ်။ ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ ကျန်းမာရေးဟာ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းဟာ ကျန်းမာရေးကောင်းဖို့အချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အတွက် ဂရုပြုစောင့်ရှောက်ပေးနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)